နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လက်ကမ်းကြိုဆို

၈   မေ

 

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို စီးပွားရေးမြို့တော်ကြီးဖြစ်သည့် ရန်ကုန်မြို့ရှိ စီးပွားရေး အခွင့်အလမ်းကောင်းများ ပေါ်ထွန်းနေမှုများက သက်သေပြလျက် ရှိသည်။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးလာခြင်း၊ စီးပွားရေးတိုးတက်လာခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် တွန်းအားများပင်ဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများအား လက်ကမ်းကြိုဆိုရမည် ဖြစ်သည်။ 

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးစီးဝင်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်သည် စီးပွားရေး မြို့တော်ဖြစ်သည်နှင့်အညီ လုပ်သာကိုင်သာရှိပြီး လွယ်ကူချောမွေ့စေသော စီးပွားရေး အခွင့်အလမ်းများစွာ တည်ရာဖြစ်သည်။ ရေကြောင်း၊ လေကြောင်း၊ မြို့ပြဝန်းကျင်ကောင်းများစွာ တည်ရှိသဖြင့် ကုန်သွယ်ကူးသန်း၊ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်သည့် အခြေအနေကောင်းများစွာ အစဉ်အဆက်ရှိခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၅၈၅ ခု၊ မတည်ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ငွေ ၆၉၉၀ ဒသမ ၂၁၃၄ ဘီလီယံရှိခဲ့သည်။ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၈၄၅ ခု၊ မတည်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂၇၆ ဘီလီယံ စီးဝင်ခဲ့ကြောင်း သိရသည်။

 

ထိုမျှသော ပမာဏသည် မြန်မာနိုင်ငံအတွင်း အခွင့်အလမ်းကောင်းများ ရှိနိုင်သည်ဟု ယူဆသဖြင့် အရှည်မြော်တွေး၍ လည်းကောင်း၊ စွန့်စားစမ်းသပ်လုပ်ကိုင်လို၍ လည်းကောင်း ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်။ အမှန်တကယ်တွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အခွင့်အလမ်းကောင်းများစွာရှိသည့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက်နှင့် ယုံကြည်စိတ်ချရမှုများ၊ အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် အခွန်ဆိုင်ရာ အချက်အလက်များကို သေချာရှင်းလင်းပြတ်သားစွာ သိရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှုဥပဒေကို သိလိုကြသည်။

 

ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းပေးခဲ့သည့်အပြင် အဆိုပါ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ကြိုးပမ်းဆောင်ရွက်မှုများသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းများပင် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အဓိက လိုအပ်ချက်မှာ အာမခံချက် အပြည့်အဝရှိသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ရင်းနှီးမြှုပ်နှံမည့် မြေနေရာနှင့် အခြေခံအဆောက်အအုံတို့ ဖြစ်သည်။ယင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေသည်ဟု သိရှိသဖြင့် ကြိုဆိုရမည်ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၃၀ နှင့် သီလဝါစက်မှုဇုန်ရှိပြီး လှိုင်သာယာမြို့နယ်တွင်ရှိသည့် စက်မှုဇုန်မှာ မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည်။

 

ရင်းနှီးမြှုပ်နှံမှု ယခုထက် ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် မေလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၁၈)ကို ကျင်းပတော့မည်ဖြစ်ရာ နိုင်ငံတကာမှ စိတ်ဝင်စားသူ နိုင်ငံခြားသား၃၀ဝ ကျော်အပါအဝင် စုစုပေါင်းဦးရေ ၇၀ဝ ခန့် ဖိုရမ်သို့ တက်ရောက်မည်ဟု သိရသည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် စတင်ထွက်ရှိပြီး တစ်နှစ်ခန့်အကြာတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ သိသင့်သိထိုက်သည့်အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားပြီး အပြန်အလှန် ဆွေးနွေးဖလှယ်ခွင့်ရရှိခြင်းသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများပင် ဖြစ်သည်။

 

သို့ဖြစ်ရာ စီးပွားရေး အခွင့်အလမ်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများသော မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေးအတွက် အချိန်အခါသင့် လှုပ်ရှားဆောင်ရွက်မှုများ လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့ကောင်းများအား ဆောင်ကြဉ်းပေးခြင်းဖြင့် မြန်မာနိုင်ငံ၏အနာဂတ် ပိုမိုဖွံ့ဖြိုး တောက်ပြောင်လာမည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ (အယ်ဒီတာ့အာဘော်)