နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)ရှိ ဆရာတော် သံဃာတော်များအား မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ (လ်) ဟိန္ဒူ ဖောင်ဒေးရှင်း (ဗဟို) က တစ်နေ့တာ ဆွမ်းဆက်ကပ် လှူဒါန်း

 

ရန်ကုန်၊ ဩဂုတ် ၇

 

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ရှိ ဆရာတော်သံဃာတော်များအား မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်) ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို) က တစ်နေ့တာ ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ အဆိုပါတက္ကသိုလ်၏ မိုးကုတ်ဆွမ်းစားကျောင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဒုတိယ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဇောတိကထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။

 

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီ(လ်)ဟိန္ဒူ ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ ဦးသိန်းလွင်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသည်။

 

ဆက်လက်၍ ကြွရောက်လာကြသော ဆရာတော်များအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ရှိ စိန်ဘရားသား ဆွမ်းစားကျောင်း၌ မီးခိုးစုပ်ပန်ကာ တပ်ဆင်ရန်အတွက် အလှူငွေကျပ် ၁၁ သိန်းကို ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့က ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ဦးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဒုတိယ ပါမောက္ခချုပ် ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn