နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားနိုင်

ရန်ကုန်၊ အောက်တိုဘာ ၁၁
    
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) ၂၀၂၂-၂၃(၁၃၈၄-၈၅)ခု၊ ပညာသင်နှစ် အတွက် သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/ သာမဏေများသည် အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်းတစ်ခုခု အောင်မြင်ပြီး သက်တော် (၃၀) နှစ်၊ သိက္ခာ (၁၀) ဝါအောက်ရှိရမည်။
    
သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/ သာမဏေ များသည် သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့၊ စေတီယင်္ဂဏဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး၊ သက်တော် (၃၅) နှစ်၊ သိက္ခာ (၁၅) ဝါအောက်ရှိ အရှင်မြတ်များ လျှောက်ထားနိုင်ပါကြောင်း သိရသည်။
ဖြေဆိုကြရမည်
    
သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/ သာမဏေများသည် အစိုးရပထမကြီးတန်းနှင့်ညီမျှသော ဝိနည်းဆိုင်ရာ (၅) ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ (၅) ပုစ္ဆာ၊ မေးခွန်းလွှာ တစ်ခု၊ ပါဠိဆိုင်ရာ (၅) ပုစ္ဆာနှင့် အထွေထွေဗဟုသုတ (၅) ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်း နှစ်ရက် ဖြေဆိုကြရမည်ဖြစ်သည်။
    
သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/ သာမဏေ
များသည် သာသနတက္ကသီလဓမ္မာစရိယတန်း(စတုတ္ထနှစ်)နှင့် ညီမျှသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က) အတ္ထယောဇနာ (ခ) ဝါကျသဒ္ဒါ (ဂ) အဓိပ္ပာယတ္ထ (ဃ) ခေတ်လေ့လာနည်းအားဖြင့် (၁၀) ပုစ္ဆာ ဖြေဆိုရမည်။ ဒုတိယနေ့တွင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန့်ပွားဘာသာအားဖြင့် (၁၀) ပုစ္ဆာ ဖြေဆိုရမည်။

ဆက်သွယ်စုံစမ်းနိုင်
    
သာသနာ့တက္ကသိုလ်ဝင်ခွင့်လျှောက်ထားလွှာများကို ၁၃၈၄-ခုနှစ်၊ သီတင်းကျွတ် လဆုတ်(၉)ရက်၊ ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်၊ အင်္ဂါနေ့(အစိုးရရုံးပိတ်ရက်များ)မှအပ စတင်ထုတ်ပေးသွားမည် ဖြစ်ပြီး၊ ၁၃၈၄-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်၊ ၂၀၂၂-ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ လျှောက်လွှာပုံစံများကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ပြီး အသေးစိတ်သိရှိလိုသောအချက်များကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းရုံး (ဖုန်း၊ ၀၉-၅၄၀၀၈၂၈၊ ၀၉-၄၂၅၀၀၈၇၂၈) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းရုံး (ဖုန်း၊ ၀၉-၂၀၃၅၅၇၂၊ ၀၉-၂၅၀၂၃၀၇၉၁) တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)