နိုင်ငံတော်ရည်မှန်းချက်များ လက်တွေ့ဖော်ဆောင်

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်သည် နိုင်ငံတော်၏  ပကတိ အခြေအနေများအပေါ် မူတည်၍ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်ထွန်းလာရေးကို ရှေးရှုချမှတ် ဖော်ဆောင်နေသော လုပ်ငန်းစဉ်များဖြစ်သည်။  နိုင်ငံကို တာဝန်ယူဆောင်ရွက်နေသော ကာလအတွင်း အစ၊ အလယ်၊ အဆုံးသုံးပါးစလုံးအတွက် မမှိတ်မသုန်ခံယူ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များဖြစ်သည်။

 

ရှေ့လုပ်ငန်းစဉ်များ အောင်မြင်ရေးကို အချိန်အခါမလင့် နှေးဖင့်မနေဘဲ တက်စုံရွက်ကုန်ဖွင့်၍ အားလုံး တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းဆောင်ရွက်ကြမှသာ ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်သည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ပြည်သူများပူးပေါင်းပါဝင်မြှင့်တင်ပေးနိုင်မှသာ နိုင်ငံအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်သည်။ ပြည်သူတို့၏လူမှုစီးပွားဘဝများကို မြှင့်တင် ဆောင်ရွက်ပေးရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက် ဆက်စပ်နေသဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို  စတင်ဖွဲ့စည်းစဉ်ကပင် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်း၍ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များနှင့်အညီ အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိအခြေအနေနှင့် ထင်ဟပ်ကိုက်ညီစေမည့် ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်မှုများကိုလည်း တစ်ဆက်တစ်စပ်တည်း ပြုလုပ်လျက်ရှိသည်။ လက်ရှိအခြေအနေတွင် အချို့ဒေသများ၌ တည်ငြိမ်အေးချမ်းမှု လိုအပ်ချက်များရှိနေသေး၍ အချို့မြို့နယ်များတွင် စစ်အုပ်ချုပ်ရေး အမိန့်များထုတ်ပြန်ပြီး တည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။  စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းသည် ပြည်သူများအား ထိန်းချုပ်ကန့်သတ်ခြင်း မဟုတ်ဘဲ ဒေသခံပြည်သူလူထု အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေကြသည့် အကြမ်းဖက်သမားများအား ထိထိရောက်ရောက်ဆောင်ရွက်နေခြင်းဖြစ်သည်။

တည်ငြိမ်အေးချမ်းမှုသည် ပြည်သူလူထု လူမှုစီးပွားဘဝနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လိုအပ်သည့်ဒေသများတွင် ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ် တတိယအချက်ဖြစ်သည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည် ဆိုသည့် အချက်သည်  တိုင်းရင်းသားပြည်သူအားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။  ပြည်ထောင်စုတည်ဆောက်ရေးတွင် ထိုစနစ်သည် အသင့်မြတ်ဆုံးဖြစ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင်  လျော်ကန် သင့်မြတ်သည့် အုပ်ချုပ်ရေးအာဏာကို မဖြစ်မနေခွဲဝေပေးရမည်ဟု  နိုင်ငံတော်အကြီးအကဲက  လမ်းညွှန်ထားသည်။ ဖက်ဒရယ်အုပ်ချုပ်ရေး ဆိုသည်မှာ အာဏာခွဲဝေကျင့်သုံးခြင်းဖြစ်သည်။ ဖက်ဒရယ် ဆိုင်ရာလုပ်ပိုင်ခွင့်ကို ယခုကာလတွင်ပင် အကောင်အထည်ဖော်နိုင်သမျှ ဆောင်ရွက် သွားမည်ဟု သိရသည်။

 

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် ထိရောက်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း၊ တရားမျှတသည့်လမ်းကြောင်းကို သွားနိုင်ရေးအတွက် တပ်မတော် အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ဆောင်ရွက်ရာတွင် တည်ငြိမ် အေးချမ်းရေးသည် အရေးကြီးသဖြင့် ငြိမ်းချမ်းရေးကိုလည်း ဦးစားပေးဆောင်ရွက် လျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အပြုသဘောဆောင်သည့်ရလဒ်များကို  ဖော်ဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်အကောင်အထည် ဖော်လျက်ရှိသည်။

 

ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်ဖြစ်သည့်  “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟူသောအချက်ပါရှိသည်။ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့် မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရန် နိုင်ငံရေးပါတီများအတွက် လုံလောက်သည့်အချိန်တစ်ခုပေးနိုင်ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းစဉ်များအောင်မြင်ရေး အတွက်  တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်  တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ