နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည်များကို သင်ခန်းစာယူ၍ ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာ မျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော် မေ ၂၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 

နိုင်ငံတော်တွင် နိုင်ငံရေးအရ  ခေတ်အဆက်ဆက်ဖြစ်ပေါ်ပြောင်းလဲမှုများ

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ တစ်လခွဲကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို ပြန်လည်သုံးသပ်ကြည့်ရမည်ဆိုပါက လွတ်လပ်ရေး ရရှိပြီးချိန်မှ ယနေ့အထိ ပြည်တွင်းနိုင်ငံရေး အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေများနှင့် ချိန်ထိုးသုံးသပ်ရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်တွင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်မှု များနှင့် ပြည်ပကျူးကျော်မှုများကိုလည်း ဖြေရှင်း ဆောင်ရွက်ခဲ့ရကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အားနည်းချက်ကြောင့် ပြည်နယ်များ ခွဲထွက်ခွင့်များဖြစ်ပေါ်လာရာမှ နိုင်ငံရေးပဋိပက္ခများ ပိုမိုကြီးမားလာခဲ့ခြင်း၊ အာဏာရ ပါတီအတွင်း အုပ်စုကွဲခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ တည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်မှုများမရှိခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ် တွင် အိမ်စောင့်အစိုးရက တာဝန်ယူခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့ရကြောင်း။

 

ယင်းအချိန်တွင် နိုင်ငံရေးဦးဆောင်သူများ၊ လူငယ်များ၊ တပ်မတော်မှ တာဝန်ရှိသူများအားလုံးတွင် ဆိုရှယ်လစ်နှင့် ပတ်သက်သည့်အသိများ ရှိထားကြသည့် အချိန်ဖြစ်ပြီး ဒီမိုကရေစီစနစ်၊ အရင်းရှင် စနစ်၊ လစ်ဘရယ်စနစ်တို့နှင့် ဆိုရှယ်လစ်စနစ်တို့ အားပြိုင်နေသည့် အခြေအနေဖြစ်ကြောင်း၊ ထို့နောက် ဒီမိုကရေစီစနစ်၊ အရင်းရှင်စနစ်၊ လစ်ဘရယ်စနစ်ကို ကြိုက်သည့်သူများအနေဖြင့် နိုင်ငံရေး ထွက်ပေါက်မရှိသဖြင့် ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အာဏာရပါတီ အတွင်း၌လည်း စီးပွားရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး တစ်ချိန်တည်းတွင် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများလည်း ပိုမို ကြီးထွားလာခဲ့ကြောင်း။

 

ထိုအချိန်တွင် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် ဆက်ဆံရေးတွင် ကောင်းမွန်ခဲ့ သည်ကိုတွေ့ရပြီး ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်များလည်း ပေါ်ပေါက်လာခဲ့ကြောင်း၊ သို့သော်တရုတ်ဖြူကျူးကျော်မှုဖြစ်ပွားချိန်တွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ SEATO အဖွဲ့ပေါ်ပေါက်လာချိန်တွင် ပြည်ထောင်စုကြီးမှ ခွဲထွက်လိုသည့် တိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း အဆိုပါအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဖိအားများရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ဆိုရှယ်လစ်စနစ်ကို မကျင့်သုံး နိုင်စေရေး အနှောင့်အယှက်ပေးမှုများရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံး ရာတွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအချိန်တွင် ကမ္ဘာပေါ်၌ နိုင်ငံရေးလမ်းစဉ်များနှင့် ပတ်သက်၍အားပြိုင်မှုများ ပြင်းထန်နေသည့် အချိန် ဖြစ်ကြောင်း။

 

ယင်းနောက် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် ဆောင်ရွက်ချိန်တွင် NGO ၊ INGO များ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ပြည်ပနိုင်ငံများမှ အထောက်အပံ့များရယူခဲ့ကြောင်း၊ ထိုအချိန်တွင် ဒီမိုကရေစီစနစ်ကို လိုလားသည့် နိုင်ငံများက မိမိတို့နိုင်ငံကို ကူညီဆောင်ရွက်ခဲ့ ကြကြောင်း၊ ထိုအချိန်ကတည်းက မိမိတို့နိုင်ငံသည် ပညာရေးအရ အားနည်းချက်များရှိခဲ့သည်ကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ တွေ့ရှိနိုင်ကြောင်း၊ အဆိုပါအားနည်းချက်ပေါ်တွင် အခွင့်ကောင်းယူ၍ NGO ၊ INGO အဖွဲ့အစည်းများက အစိုးရအပေါ် မကောင်းမြင်စေရန်နှင့် အစိုးရအပေါ် ဆန့်ကျင်စေရန်အတွက် သွေးထိုးလှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့ကြကြောင်း၊ ဖွံ့ဖြိုးမှုအားနည်းမှုကြောင့် ပြည်ပ အကူအညီများ ရရှိရန် LDC နိုင်ငံအဖြစ်သို့ လျှောက်ထားခဲ့မှုအပေါ် နိုင်ငံတော်အပေါ်ယုံကြည်မှု အားနည်း စေခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံ့စီးပွားရေးမှာကျဆင်းလာခြင်း၊ စီမံခန့်ခွဲမှု လွဲမှားမှုများ ဖြစ်ပေါ်ခြင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ အခက်အခဲများဖြစ်ပေါ်ခဲ့ရပြီး ငွေစက္ကူတရားမဝင် ကြေညာမှုများ ဖြစ်ပေါ်ခြင်းတို့ကြောင့် အရေးအခင်းဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရ ကြောင်း။

 

အဆိုပါအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်မဖြစ်သေးကြောင်း၊ မိမိတို့နိုင်ငံအပေါ် အချို့အင်အားကြီးနိုင်ငံများက ၎င်းတို့အလိုကျဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်များလည်း ရှိသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂညီလာခံပုံမှန် တက်ရောက်ခဲ့သော်လည်း နိုင်ငံတကာရေးရာနှင့် ကုလသမဂ္ဂနယ်ပယ်များတွင် ပါဝင်မှုနည်းပါးခဲ့သည်ကို တွေ့ရှိနိုင်ကြောင်း။

 

ထိုအချိန်တွင် စီးပွားရေးကျဆင်းခြင်း၊ ပြည်တွင်း တည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် နိုင်ငံတကာမှ အထင်အမြင်သေးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံ၏ GDP မှာ လည်း များစွာနည်းပါးခဲ့ပြီး ကုန်ထုတ်လုပ် မှုများလည်း များစွာနည်းပါးခဲ့ကြောင်း၊ သယံဇာတများ ထုတ်ယူရောင်းချပြီး တိုင်းပြည်စီးပွားရေးကို ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် နဝတခေတ်တွင် အမျိုးသားညီလာခံကို ကျင်းပပြုလုပ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရကြောင်း၊ နယကခေတ်တွင် အမျိုးသားညီလာခံကို ပြန်လည်ကျင်းပ ပြုလုပ်ပြီး ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ကြောင်း။

 

တပ်မတော်အနေဖြင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ခဲ့ကာ နှစ်ဖက်သဘောတူညီချက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်သည် နိုင်ငံရေးအရ၊ စီးပွားရေးအရ အဘက်ဘက်မှ ကျပ်တည်းခဲ့သည့်ကာလဖြစ်ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီ ပထမအစိုးရ သက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်အသားကျနိုင်ရေး လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းချိန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင် ဆောင်ရွက်ပေးခဲ့သည့်အတွက် NLD ပါတီ အနေဖြင့် နိုင်ငံရေးတွင်ပါဝင်လာခဲ့ကြောင်း၊ နိုင်ငံတော်ကို ခြယ်လှယ်ချုပ်ကိုင်လိုသည့် အနောက်အင်အားကြီးနိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်တွင် တည်ငြိမ်မှုမရှိစေရေး အတိတ်ဖြစ်ရပ်များဖြင့် ပြန်လည်လှုံ့ဆော်၍ ၎င်းတို့လိုသလို ပုံသွင်းနိုင်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေး ဦးတည်ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုအချိန်တွင် NGO၊ INGO အဖွဲ့များအနေ ဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာခဲ့ပြီး မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလတွင်လည်း ပြည်ပနိုင်ငံများမှ ၎င်းတို့၏ သဘောဆန္ဒများကို ဖော်ဆောင်ပေးနိုင်သည့်ပါတီကို နည်းလမ်းပေါင်းစုံဖြင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မိမိတို့ တာဝန်ယူချိန်တွင် NGO ၊ INGO အဖွဲ့များအနေဖြင့် တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ပတ်သက်၍ ပါဝင်လာခဲ့မှုများရှိကြောင်း၊ ယခုကဲ့သို့ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားရခြင်းသည် မိမိတို့နိုင်ငံဖြတ်သန်းခဲ့သည့်ဖြစ်စဉ်များတွင် ရင်ဆိုင်နေရသည့် ပြဿနာများကို ပြောကြားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများကို ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် သတိချပ်ကြစေလို ကြောင်း။

 

မိမိတို့အနေဖြင့် အတိတ်တွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်တွင် သင်ခန်းစာယူ၍ နောင် အနာဂတ်တွင် ထိုကဲ့သို့သောဖြစ်ရပ်မျိုး ဖြစ်ပေါ်လာခြင်းမရှိစေရေး ဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးအရတည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်ရမည်၊ စီးပွားရေးအရ အားကောင်းအောင် ဆောင်ရွက်ရမည်၊ လုံခြုံရေးအရ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

နိုင်ငံတကာဆက်ဆံရေး

နိုင်ငံတကာ ဆက်ဆံရေးအနေဖြင့်လည်း ကောင်းမွန်မှုရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရသည့်အခါ၌ မိမိတို့နိုင်ငံအတွက် အကျိုးရှိစေမည့် ပြောဆိုဆက်ဆံမှုများဖြစ်စေရန် လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားမည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုရအောင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ် မဟုတ်သည်ကိုလည်း သိရှိနားလည်နိုင်ကြရန်လိုကြောင်း၊

 

အမျိုးသားရေးတွင် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အမှန်တကယ် အလုပ်လုပ်ကိုင် နိုင်စေရေး၊ လုပ်တတ်ကိုင်တတ်စေရေး ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ ဗဟိုအစိုးရမှ ဖန်တီး ပေးရမည်များရှိသကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ ဖော်ဆောင်ပေးရမည်များလည်း ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျှင် ၎င်းတို့အနေဖြင့် ဝင်ငွေကောင်းလာမည်ဖြစ်ပြီး လူမှု စီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံတော်အစိုးရအပေါ်တွင်လည်း ယုံကြည်မှုရှိလာမည် ဖြစ်ကြောင်း။

 

နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက အမြင်ကျယ်စွာဖြင့် ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ်ဆောင်ရွက်

လုံခြုံရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ မိမိတို့စတင်တာဝန်ယူခဲ့သည့်အချိန်တွင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိ အချိန်၌ EAO အဖွဲ့အချို့နှင့် အောက်ခြေအဆင့်များတွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် ကျေနပ်လက်ခံနိုင်မှုမရှိခြင်းကြောင့် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါအခြေအနေ သို့ရောက်ရှိလာခြင်းသည် မိမိတို့ နိုင်ငံ၏ ပညာရေးအားနည်းချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏ အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ပညာရေးကို မဖြစ်မနေပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရမည်ဟု အကြိမ်ပေါင်းများစွာ ပြောဆိုဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ပညာရေး ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လည်း လိုအပ်မည်ဖြစ်သဖြင့်လာမည့် ၅ နှစ်တာကာလအတွင်း ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မည်ကဲ့သို့ပင် ဖိတ်ခေါ်ကမ်းလှမ်းနေသည် ဖြစ်စေ လက်နက်ကိုင် အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး ရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လို စိတ်ရှိရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိသည်ကို အလေးထား၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ် အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာ မျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက အမြင်ကျယ်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း။

 

မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ဗဟိုအစိုးရ၏လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်းဆိုင်ရာများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များကို ဆောင်ရွက်သွားကြရန်လိုပြီး ယခု ၆ လအတွင်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဟဇာတဖြစ်ရန်လိုပြီး ပြီးမြောက်အောင်မြင်တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်အနေဖြင့် ကိုယ်တိုင်အကောင်အထည် ဖော်ဆောင်ရသည် မဟုတ်သော်လည်း မည်ကဲ့သို့ဆောင်ရွက်ရမည်ကို နည်းလမ်းပြပေးခြင်း၊ စီမံကြီးကြပ်ခြင်းတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြောင်း။

 

မိမိတို့နိုင်ငံတွင် အလုပ်လုပ်ကိုင်ကြမည့် လုပ်နိုင်ကိုင်နိုင်သည့် အသက်အပိုင်းအခြားရှိသည့် လူဦးရေ နှုန်းထားအနေဖြင့် လျော့နည်းကျဆင်းလာသည်ကို တွေ့မြင်ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌လည်း အလုပ်သမားရှားပါးမှုပြဿနာကို ကြုံတွေ့ရလျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်အကိုင်ရှိသည့်နေရာများသို့ သွားရောက်နေကြသူများရှိသည်ဟု လည်း ပြောဆိုကြကြောင်း၊ မိမိတို့နိုင်ငံအတွင်း၌ လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရေမြေသယံဇာတနှင့် အခြေခံကောင်းများ ရှိပြီးဖြစ်သော်လည်း အမှန်တကယ်အလုပ်လုပ်နိုင်မှု အားနည်းကြသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးနေခြင်းဖြစ်သည်ဟု တွေ့မြင်ရကြောင်း၊ နိုင်ငံ၏ အဓိက လုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များ များစွာလိုအပ်နေဆဲဖြစ်ကြောင်း၊ ကျွမ်းကျင်သည့်လုပ်ငန်းများကို လုပ်ကိုင်မှုမရှိဘဲ ကျပန်းအလုပ်များ လုပ်ကိုင်ကြခြင်း၊ တရားမဝင်သယံဇာတ ထုတ်ယူခြင်း လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်၍လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်နေခြင်းတို့ကြောင့် လုပ်သားများ ရှားပါးလာခြင်းလည်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရေး၊ အလုပ်လုပ်ကိုင်နိုင်ရေးတို့အတွက် ဖော်ဆောင်ပေးသွားကြရန် လိုကြောင်း။

 

မြေအသုံးချမှုနှင့် ပတ်သက်၍ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းနှင့် ပတ်သက်သည့် ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပြီး သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်များနှင့်အညီသာ ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများ မရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ရလျက် ရှိကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို သိရှိကြရန်၊ လိုက်နာ ကြရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မြေယာအသုံးချမှုများနှင့် ပတ်သက်၍ စည်းကမ်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။

 

ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်မှ တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်

နိုင်ငံရေးအရ သဘောထားကွဲလွဲမှုနှင့် ပတ်သက်၍ ယခုအခါ ပြည်သူများက ရွေးချယ်တင်မြှောက်သည့် မိမိဦးဆောင်သည့် အစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရ ဖြစ်ပေါ် ပြောင်းလဲမှုများကို ခိုင်ခိုင်မာမာ ဆောင်ရွက်ပေးထားပြီးဖြစ်ကာ သဘောထားကွဲလွဲရန် အကြောင်းမရှိသည့်အတွက် ငြိမ်းချမ်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အတူတကွ အလုပ်လုပ်ကိုင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာသင်ကျောင်းများနှင့်ပတ်သက်၍ ယခုအခါ ကျောင်းအပ်ရာသီသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်မှ တတ်နိုင်သမျှဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ KG+9 အထိ မသင်မနေရ ပညာသင်ကြားရေးကိစ္စရပ်များကို ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး ကျောင်းများ အားလုံးတွင် ပညာသင်ကြားနိုင်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးအားပေးမှသာ ကျေးလက်တွင် အလုပ်အကိုင်အခွင့်အလမ်း ရရှိလာမည်ဖြစ်ပြီး ကျောင်းပညာရေးကို အားပေးမှု မရှိပါက နောင်အနာဂတ်တွင် မိမိတို့ကလေးငယ်များအနေဖြင့် ဘဝလမ်းခရီးကို ခက်ခဲစွာ ဖြတ်သန်းရမည်ကို သတိပြုမိကြရန်လိုကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရည် မြင့်မားလာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ပိုမိုလျင်မြန် မြန်ဆန်စွာဖြင့် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းများစနစ်တကျ ဖြစ်စေရေး၊ သတ်မှတ် စံနှုန်းများ ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကျောင်းနေပျော်၍ စာတော်ရမည် ဟူသည့်အတိုင်း ကျောင်းများအားလုံး သန့်ရှင်းသာယာလှပရေး၊ အခြေခံအဆောက်အအုံများ ကောင်းမွန်စေရေး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် လိုကြောင်း။

 

စားသုံးဆီဖူလုံရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် နှစ်စဉ်ပြည်ပမှတင်သွင်းနေရကြောင်း၊ ပြည်တွင်း၌လည်း ဆီထွက်သီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိနေသဖြင့် ပြည်ပမှ တင်သွင်း နေရသည်မှာ မဖြစ်သင့်ကြောင်း၊ ပြည်တွင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စသည့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ပိုမိုတိုးတက် ထွက်ရှိအောင် စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမှုနှင့်အတူ ပျားမွေးမြူခြင်းကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီး နှစ်ဖက်အကျိုးရှိစေမည့် မိတ်ဖက် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။

 

ကော်ဖီစိုက်ပျိုးခြင်းနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ကော်ဖီသည် နာမည် ရရှိပြီးဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် တင်ပို့နိုင်မှုမရှိကြောင်း၊ သို့ဖြစ်၍ ဈေးကွက် လိုအပ်ချက်အတိုင်း ပြည့်မီစွာ ထုတ်လုပ်တင်ပို့နိုင်ရေး တိုးချဲ့စိုက်ပျိုး ဆောင်ရွက်သွားကြရန် လိုကြောင်း။

 

ပြီးခဲ့သည့် နွေရာသီကာလအတွင်း အပူချိန်မြင့်မားခဲ့သည့် ဒေသများအား မှတ်သား၍ ယခုမိုးရာသီ ကာလအတွင်း သစ်ပင်များတိုးချဲ့စိုက်ပျိုးခြင်း၊ ရှိပြီးသားအပင်များအား ထိန်းသိမ်းခြင်း၊ အပူရှောင် နေရာများ သတ်မှတ်ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းဒေသများမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက်၍လည်း အမြဲမပြတ်ကြည့်ရှုပေး ရန်လိုပြီး ရာသီဥတုပြင်းထန်မှုဒဏ်ကို အသက်သာဆုံးနည်းလမ်းဖြင့် ဖြတ်သန်းနိုင်ရေး ဒေသဆိုင်ရာ အစိုးရများက နည်းလမ်းရှာဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး သတ်မှတ်ထားသည့် ၁၃ ခရိုင်အတွင်း လာမည့်သစ်ပင်စိုက်ရာသီတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း။

 

နိုင်ငံတော်၏ ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အသုံးပြုရန် လျာထားသည့် ဘဏ္ဍာငွေများအား မှန်မှန်ကန်ကန်နှင့် အပြည့်အဝအကျိုးရှိအောင် သုံးစွဲသွား ကြရန်လိုကြောင်း၊ ခွင့်ပြုငွေများအား အသုံးချနိုင်မှုမရှိဘဲ ပိုလျှံငွေများအဖြစ် ပြန်လည်အပ်နှံခြင်းသည် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုပင်ဖြစ်သည့်အတွက် မှန်ကန်စွာ သုံးစွဲအသုံးချနိုင်ရန်လိုကြောင်း၊ ကြီးကြပ်ကွပ်ကဲရန်၊ ပြန်လည်စိစစ်ရန်တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန် လိုကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။

 

ဖြည့်စွက်မှာကြား

ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက အွန်လိုင်းလောင်းကစားမှုများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းပြီး အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကို ထိန်းသိမ်းနိုင်ရန် နိုင်ငံတော်အစိုးရက မော်တော်ယာဉ်သုံးစွဲမှုနှင့် စက်သုံးဆီရောင်းချပေးမှုကို စနစ်တကျ ဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုအချိန်တွင် စက်သုံးဆီဈေးနှုန်းသည် အထိုက်အလျောက် ပြန်လည်ကျဆင်းလာသည်ကို တွေ့ရကြောင်း၊ ယခုအခြေအနေကိုထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အောက်ခြေတွင် စနစ်တကျကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် စိုက်ပျိုးကိရိယာချေးငွေများနှင့် စပ်လျဉ်း၍ ကြွေးမဆပ်သည့် တောင်သူအချို့ရှိခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ရရန်ကြွေးကျန် ဘီလီယံချီရှိသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ချေးငွေများနှင့် ပတ်သက်၍ ချေးငွေများကို အပြည့်အဝ ပြန်လည်ရရှိရေးနှင့် ကြွေးကျန်များမရှိရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ချင်းပြည်နယ်အတွင်းထိခိုက်ပျက်စီးခဲ့သည့် အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အအုံများအား ပြန်လည်ထူထောင်ရေး

ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ ချင်းပြည်နယ်အတွင်း၌ လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးဌာနများ၊ ဘာသာရေးအဆောက်အအုံများအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည့် တည်ဆောက်ရေးပစ္စည်းများကို မိမိတို့အနေဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် ဈေးနှင့် အခြားရုံးဌာန အဆောက်အအုံများကိုလည်း ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်မှလည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် တိုက်တွန်း လိုကြောင်း။

 

အားကစားကဏ္ဍမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်

အားကစားနှင့်ပတ်သက်၍ နိုင်ငံတော်၏ စိတ်ဓာတ်အင်အားကို အားကစားဖြင့် ဖော်ပြနေပြီး ဒေသတွင်း အားကစားပြိုင်ပွဲများ၌ပင် ထိုက်သင့်သည့် အောင်မြင်မှုများ ရရှိနိုင်ရန်လိုအပ်နေဆဲ ဖြစ်သည်ကို မြင်တွေ့ရကြောင်း၊ အရည်အသွေးမြင့်မားပြီး စိတ်ဓာတ်ကောင်းမွန်သည့် အားကစား သမားများကို ရွေးချယ်ယှဉ်ပြိုင်နိုင်ရန်လိုကြောင်း၊ အားကစားတွင် အောင်မြင်မှုရရှိစေရေး အားကစား အဖွဲ့ချုပ်များမှအစ လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ အားကစားကွင်းများ စနစ်တကျဖြစ်စေရေးနှင့် အဆင့်မီမီဖြစ်စေရေး နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နည်းစနစ်ကျစွာ၊ ကျန်းမာကြံ့ခိုင်မှုရှိစွာဖြင့် ယှဉ်ပြိုင်နိုင်စေရေး အတွက်လည်း နည်းစနစ်ပိုင်းဆိုင်ရာနည်းပြများ၊ ကြံ့ခိုင်ရေးနည်းပြများဖြင့် လေ့ကျင့်နိုင်ရန် လိုကြောင်း၊ အရည်အသွေးရှိပြီး Talent ရှိသည့်အားကစားသမားများ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာ အားကစားနည်းအလိုက် အားကစားသမားများအား ငယ်စဉ်ကတည်းကပင် စနစ်တကျ ရွေးချယ်၍ ပြုစုပျိုးထောင်ပေးသွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတော်၏ အလံတော်ကို တိုင်ထိပ်၌ လွှင့်တင်ဂုဏ်ပြုခံရသည့် အားကစားသမားများ ပေါ်ထွန်းလာစေရေး စနစ်တကျပြုစု ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ အားကစားပွဲတော်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ အားကစားကဏ္ဍ ကောင်းမွန်တိုးတက်လာမည်ဆိုပါက တိုင်းချစ်ပြည်ချစ်စိတ်များလည်း မြင့်မားတိုးတက်လာစေမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်ပြီး တစ်နည်းအားဖြင့် နိုင်ငံတော်ကိုတည်ဆောက်ခြင်းပင် ဖြစ်ကြောင်းနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်