နေပြည်တော် ဇူလိုင် ၄

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထက်လွမ် စေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ထက်လွမ်ဘုရားသို့ ရောက်ရှိကြရာတာဝန်ရှိသူများက လာအိုရိုးရာ အတီးအမှုတ်များဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က ထက်လွမ်စေတီတော်ရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဆီမီး၊ သောက်တော်ရေချမ်း၊ သစ်သီးနှင့် ပန်းမန်များ ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုသည်။

ထို့နောက် စေတီတော်ကြီး စောင်းတန်းအတွင်းရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီ တော်ကြီး စတင်တည်ထားစဉ် အချိန်မှခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့မှုမှတ်တမ်း ပန်းချီများကို ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးရှေ့၌ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတက ထက်လွမ်စေတီတော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။ ထို့နောက် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့သည် ထပ်လွမ် ဘုရားဝင်းအတွင်းရှိ ဓမ္မခန်းမသို့ ရောက်ရှိကြပြီး ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။

ဆက်ကပ်လှူဒါန်း

ယင်းနောက် လာအိုဗုဒ္ဓဘာသာ အသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံသံဃရာဇာ ဆရာတော် Maha Ahjan Yai Mahaved Menenai ၊ လာအိုနိုင်ငံမှ သက်တော် (၁၀၆)နှစ်ရှိ သက်တော်ရှည်ဆရာတော် Most Ven. Noi Sangvalo တို့အား ဖူးမြော်ကြည်ညိုကြပြီး ပိဋကတ်သုံးပုံစာအုပ်များ၊ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်၍ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ထက်လွမ်ဘုရားဝင်းအတွင်းရှိ ဓမ္မခန်းမ၌ အပူဇော်ခံထားရှိရန်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူနှင့် မာရဝိဇယဘုရားကြီး၏ တည်ဆောက်ခဲ့မှု မှတ်တမ်း စာအုပ်ကို ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ ထက်လွမ်စေတီတော်အား ၁၃ ရာစုအစောပိုင်းတွင် King Jayavamon VI က ဦးဆောင်၍ တည်ထားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်ပြည်တွင် ပညာသင်ယူ၍ ပြန်လည် ရောက်ရှိလာသည့် သံဃာတော် ငါးပါးက ဗုဒ္ဓ၏ ညှပ်ရိုးတော် အောက်ပိုင်းကို ကိုးကွယ်ပူဇော်ရန် ပင့်ဆောင်လာခဲ့ပြီး ဌာပနာအဖြစ်ထားရှိကာ တည်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ မူလစေတီတော်မှာလိုဏ်ဂူပုံစံဖြစ်သော်လည်း ခရစ် နှစ် ၁၅၆၀ ပြည့်နှစ်တွင် စိုင်ဆက်ထာထီလတ် ဘုရင်သည် လွန်ပရာ ဘန်မြို့မှ ဗီယင်ကျန်းမြို့သို့ ပြောင်းရွှေ့ လာခဲ့ပြီးနောက် ပထမစေတီတော်အားငုံ၍ စေတီထပ်မံတည်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ လာအိုဘာသာဖြင့် ထက်လွမ်စေတီ (That Luang Stupa) ဟု ခေါ်ဆိုပြီး “အဓိပ္ပာယ်မှာ ကြီးမားသောစေတီတော်” ဟူ၍ဖြစ်ကြောင်း၊ လာအိုဘုရင်အဆက်ဆက် ကိုးကွယ်ကာ သမိုင်းအစဉ်အလာကြီးမားသည့်စေတီတော်ကြီးဖြစ်ကြောင်း၊ လာအိုနိုင်ငံ၏ နိုင်ငံတော်တံဆိပ်တွင် ထက်လွမ်စေတီတော်၏ ပုံတော်ကို ထည့်သွင်းထားရှိသည်ကို တွေ့ရှိရကြောင်း၊ ထက်လွမ် ဘုရားပွဲတော်အား နှစ်စဉ် လာအိုဘာသာဖြင့် ဖကျိလ၊ လပြည့်နေ့ (မြန်မာတန်ဆောင်မုန်းလပြည့် နေ့)တွင် ကျင်းပပြုလုပ်ပြီး တစ်နိုင်ငံလုံးမှ ဘုရားဖူးပြည်သူများနှင့် စည်ကားများပြားကြောင်း သိရသည်။

သတင်းစဉ်