နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်

ပေကျင်း ဇွန် ၂၉

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ Great Hall of the People ၌ ဇွန် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင်က လွန်ခဲ့သည့်နှစ်ပေါင်း (၇၀) အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်၏အရေးကြီးသည့် အနှစ်သာရနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် ပြောင်းလဲမှုများအကြား လူသားများအတွက် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ထောင်ရန် လမ်းကြောင်း၏ ညွှန်ပြမှုတို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန်နံနက် ၁၁ နာရီတွင် ပြီးမြောက်ခဲ့သည်။

တက်ရောက်

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ (ငြိမ်း) နှင့်အတူ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ယင်းအခမ်းအနားသို့ နိုင်ငံအကြီးအကဲဟောင်းနှင့် အစိုးရအဖွဲ့ အကြီးအကဲဟောင်း၂၀ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ သံတမန်ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ မီဒီယာနှင့် စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။

ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ Liuhe ခန်းမ၌ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာ ဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

မိန့်ခွန်းပြောကြား

အဆိုပါနေ့လယ်စာစားပွဲတွင် ဗီယက်နမ် ကွန်မြူနစ်ပါတီဗဟို ကော်မတီနိုင်ငံရေးရာဗျူရိုအတွင်းရေးမှူးဟောင်း Nong Due Manh၊ ဘရာဇီးလ်နိုင်ငံ သမ္မတဟောင်း Dilma Rousseff ၊ အီသီယိုးပီးယားနိုင်ငံ သမ္မတဟောင်း Mulatu Teshome Wirtu နှင့် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Dominique Marle Francois Galouzeau de Villepin တို့လည်း တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က နိုင်ငံများအကြား ဆက်ဆံရာတွင် သာတူညီမျှနှင့် လေးစားမှုအတွက် စံချိန် စံညွှန်းများဖြင့် ကျင့်သုံးနိုင်အောင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး (၅) ရပ်ကို စတင်အကောင်အထည်ဖော်ခဲ့မှု၊ ယင်းမူကြီး (၅) ရပ်ကို လိုက်နာကျင့်သုံး ကြသည့်နိုင်ငံများအကြား ပြဿနာရပ်များကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယင်းမူကြီးများ၏ အရေးကြီးမှုတို့ကို မိန့်ခွန်း၌ ထည့်သွင်းပြော ကြားခဲ့သည်။

ညစာစားပွဲတက်ရောက်

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် St.Regis ဟိုတယ်၌ တရုတ်ပြည်သူ့နိုင်ငံခြားရေးရာအဖွဲ့အစည်း (Chinese People’s Institute of Foreign Affairs – CPIFA) ၏ ဥက္ကဋ္ဌ မစ္စတာ ဝမ်ချောင်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

သတင်းစဉ်