နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ

ရန်ကုန်  စက်တင်ဘာ ၉

 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌဆရာတော်၊ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဌ(၁) အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊  ဘဒ္ဒန္တကောဝိဒ က အဖွင့်ဩဝါဒကထာ မြွက်ကြားသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေး ဆိုင်ရာများ လျှောက်ထားရာတွင်  ၁၉၈၆ ခုနှစ်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အခြေတည်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များဖွင့်လှစ်နိုင်သည်မှာ ၃၆နှစ်တာကာလ တိုင်ခဲ့ပြီဖြစ်ကြောင်း၊

 

ဤတက္ကသိုလ်များမှ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ပရိယတ် ဓမ္မက္ခန္ဓာများကို အထူးပြုသင်ကြားပို့ချ ပေးခြင်းအပြင် ရှေးရိုးသင်နည်း၊ ခေတ်လေ့ လာသင်နည်းအားဖြင့် သင်ကြားနည်းစုံ လွမ်းခြုံသင်ကြားပို့ချ ပေးခြင်းတို့ကြောင့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ဟူသော အမည်နာမနှင့် လျှော်ညီကြောင်း၊ သာသနာ့ တက္ကသိုလ် များမှ သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနတက္ကသီလမဟာဓမ္မာ စရိယဘွဲ့၊ သာသန တက္ကသီလဓမ္မ ပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင်ဓမ္မပါရဂူဘွဲ့ စသည့်ဘွဲ့များကို  အသီးသီးရရှိခဲ့ကြပြီး မိမိတို့သာသနာ့ဝန်ကို စွမ်းရာ ကဏ္ဍမှနေ၍ နယ်စပ်နှင့် တောင်တန်းဒေသအသီးသီးတွင် ပရိယတ်၊ ပဋိပတ် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သာသနာ့တက္ကသိုလ်များသည်  အစဉ်တိုးတက်နေမည်ဟု ယုံကြည်မိပါကြောင်း လျှောက်ထားသည်။

 

ထို့နောက် တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်က (၁/၂၀၂၂) အစည်းအဝေးမှတ်တမ်းကို အတည်ပြုချက်ရယူပြီး တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များကို တင်ပြလျှောက်ထားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့်ဆရာတော်များနှင့် ပညာရှင်လူပုဂ္ဂိုလ်များက သာသနာရေးဆိုင်ရာ များကို ဆွေးနွေးကြကာ ဆုံးဖြတ်ချက်(၁၂)ရပ်ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိ ဆရာတော်က နိဂုံးချုပ် ဩဝါဒကထာမြွက်ကြားသည်။

 

ထို့နောက် အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကို ရုပ်သိမ်းပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

 

တွေ့ဆုံဆွေးနွေးပွဲတွင်  ပြည်ထောင်စုဝန်ကြီး က  ၂၀၂၃  ခုနှစ်    ဇန်နဝါရီ   ၄    ရက်တွင် ကျရောက်မည့်   လွတ်လပ်ရေးနေ့သည်    စိန်ရတုနှစ်နှင့်  တိုက်ဆိုင်နေသည့်အတွက် လွတ်လပ်ရေးနေ့ အခမ်းအနားကို   စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အစီအစဉ်တစ်ခုအဖြစ် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာရှင်များ  ပါဝင်တင်ဆက်သည့် ပဒေသာကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစီအစဉ်များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းရန်အတွက် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသည့် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟိုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန (ရန်ကုန်) ရုံးခွဲ  အစည်းအဝေးခန်းမ၌  မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌနှင့်   အဖွဲ့ဝင် များအား တွေ့ဆုံကာ စိန်ရတု လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသည့် အစီအစဉ်တစ်ခုအဖြစ် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာရှင်များ  ပါဝင်တင်ဆက်သည့် ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး  တွေ့ဆုံပွဲ တက်ရောက်လာကြသော  မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟိုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်း ပဒေသာကပွဲ အောင်မြင်စွာ ပါဝင်တင်ဆက်နိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြကြောင်း သိရသည်။

(သတင်းစဉ်)