နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ နှစ်သစ်ကူးဩဝါဒကထာ

 

လေးဖြာသင်္ဂဟ မြတ်ဓမ္မ နိစ္စအမြဲ စိတ်ဝယ်စွဲ

 

ယနေ့သည် ခရစ်နှစ် ၂၀၂၂-ခုနှစ်ဟု ဆိုအပ်သော နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၃-ခုနှစ်သို့ ရောက်ရှိသည့် ကမ္ဘာ့နှစ်သစ်ဦး မင်္ဂလာရှိသော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ယခုလို ကမ္ဘာ့နှစ်သစ်မင်္ဂလာကို နေ့ထူးနေ့မြတ်မှစ၍ နိုင်ငံသူ၊ နိုင်ငံသားများနှင့် ကမ္ဘာသူ၊ ကမ္ဘာသား အားလုံး  ဘေးဥပါဒ်အန္တရာယ်  ရန်စွယ်ဟူသမျှ၊  အနှောင့်အယှက်ဟူသမျှ  ကင်းစင်ပပျောက် ၍ လိုရာဆန္ဒအဝဝတို့ ပြည့်စုံကြစေရန်-

 

သင်္ဂြိုဟ်ဓမ္မ၊ သင်္ဂဟကား၊ ဒိဋ္ဌ တမလွန်၊ နှစ်တိုင် ခိုင်ပြီး၊ အကျိုးကြီး၏၊

ထီးလိုမင်းလို၊ များကြည်ညိုသည့်၊ လူဗိုလ် မြတ်လေး၊ ရှိနတ်ဆေးတည့်... ဟူသော မဃဒေဝ လင်္ကာသစ်၌ မိန့်ဆိုထားသည်နှင့်အညီ ယခုပစ္စုပ္ပန် ဘဝမှာရော နောင်တမလွန်ဘဝမှာပါ အကျိုးကျေးဇူး များ၍  အများ၏  ကြည်ညိုခြင်းကို  ခံရနိုင်ခြင်း၊ အတွေ့အကြုံရသမျှသော လူ၊ ဗိုလ် ပရိသတ်တို့၏ ချစ်မြတ်နိုးမှုကိုခံရခြင်း စသောအကျိုးတရာများကို ဖြစ်ပေါ်စေနိုင်သဖြင့် နတ်ဆေးသဖွယ် အစွမ်းထက်လှသော-

-           တစ်ဦးနှင့်တစ်ဦး၊  တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ပေးကမ်းစွန့်ကြဲခြင်း

-           ယဉ်ကျေးသိမ်မွေ့ ချစ်ဖွယ်သောစကားကို ပြောဆိုခြင်း

-           သူတစ်ပါးတို့၏ ဆောင်ရွက်ဖွယ်ကိစ္စများကို ကူညီဆောင်ရွက်ပေးခြင်း

-           ကိုယ်နှင့်တန်းတူထား၍ အခြားသူများကို ပေါင်းသင်းဆက်ဆံခြင်း၊ ဟူသော -

လေးဖြာသင်္ဂဟ မြတ်ဓမ္မကို နိစ္စအမြဲ စိတ်ဝယ် စွဲ၍ နိုင်ငံသူ၊ နိုင်ငံသားတိုင်း ကမ္ဘာသူ၊ ကမ္ဘာသား တိုင်း   လိုက်နာဆောင်ရွက်  နိုင်ကြပါစေကြောင်း မေတ္တာရေလောင်းလျက် နှစ်သစ်မင်္ဂလာ ဆုတောင်းပတ္ထနာ ပြုအပ်ပါသတည်း။      ။