နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်ပွဲ အခမ်းအနားကျင်းပ

 

မန္တလေး   ဇွန်   ၇

 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊  နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊    မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက  အဘိဓဇမဟာရဋ္ဌ ဂုရု၊  အဘိဓဇအဂ္ဂမဟာ   သဒ္ဓမ္မ ဇောတိက     ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော်  (၉၄) နှစ်၊ သိက္ခာတော် (၇၄)ဝါအရ မြန်မာ သက္ကရာဇ် ၁၃၈၅  ခုနှစ်   နယုန် လဆန်း ၇ ရက်၊ ၂၀၂၃ခုနှစ်  မေ ၂၅ ရက် ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁  မိနစ်တွင်   ဘဝနတ်ထံ   ပျံလွန်တော်မူ၍    ဥတုဇရုပ်ကလာပ် တော်အား ဗန်းမော်ကျောင်းတိုက် ကြီးရှိ  အေးကမ္ဘာဗိမာန်ယာယီစံကျောင်းတော်တွင် ပူဇော်ထားရှိခဲ့ ပြီး ဇွန် ၆ ရက်နေ့ ၌ အန္တိမဈာပန သာဓုကီဠနပူဇာ သဘင်အခမ်းအနားကိုကျင်းပ၍  ရုပ်ကလာပ် တော်အား တေဇောဓာတ် ပူဇော်ခဲ့ သည်။

 

ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည်   တေဇောဓာတ်ပူဇော်သည့်နေရာသို့ ရောက်ရှိရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ်  မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြု၍ ဆရာတော်သံဃာတော်များအား   ဖူးမြော်ကြပြီး နောက်   တပည့်သံဃာတော်များ၊   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် လောင်တိုက် တော်ပေါ်သို့တက်ရောက်ပြီး   အခမ်းအနားမှူးက  သရီရဓာတ်ပြာတော်များကို ဓာတုပဝါဟနပူဇာ သဘင် ဆင်ယင်ကျင်းပ   ပူဇော်ခွင့်ပြုတော်မူရန် အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက် ထားကာ သရီရအရိုးဓာတ်ပြာတော်များကို အုန်းစိမ်း ရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ရတနာရွှေအိုး၊ ငွေအိုးများနှင့် ရွှေအိတ်၊  ငွေအိတ်များတွင် ထည့်သွင်း ပူဇော်ကြသည်။

 

မရမ်းခြံဆိပ်ကမ်းနေရာသို့ ပင့်ဆောင်

ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ အနိစ္စာဝတ သင်္ခါရာ အစချီသော သံဝေဂ သုံးဂါထာကို ရွတ်ဆိုပွားများပြီး  အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် တောင်းပန်ကန်တော့လွှာဖြင့် နောက်ဆုံး တောင်းပန်ကန်တော့ခြင်းများ ဆောင်ရွက်ကြပြီး ကရဝိက်ဖောင်တော်ယာဉ်ဖြင့်      ရေမျှော ပူဇော်သဘင်ကျင်းပမည့် မရမ်းခြံဆိပ်ကမ်းနေရာသို့ ပင့်ဆောင်ကြသည်။

တက်ရောက်

ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရဓာတု ပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော် သဘင်အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်လျော်ညီ စွာကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်အဂ္ဂ မဟာပဏ္ဍိတဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြု၍ ဆရာ တော်သံဃာတော်များ ကြွရောက်တော်မူပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊   မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်  တာဝန်ရှိပုဂ္ဂိုလ်များ၊   တပည့် ဒါယကာ  ဒါယိကာမများ၊  ဆွေတော်မျိုးတော်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များနှင့်    ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

 

ဆက်လက်၍ ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို   နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝါသေဋ္ဌာ ဘိဝံသအမှူးပြု၍    ဆရာတော်သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်    တာဝန်ရှိသူများက   ကရဝိက်ရွှေဖော်တော် ရေယာဉ်ပေါ်သို့ ပင့်ဆောင်ကြသည်။

 

ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပွားများ

ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုး ဓာတ်ပြာတော်များကို ရေမျှောပူဇော်မည့် မင်းရဲလှ ဆိပ်ကမ်းအနီးမြစ်လယ်သို့ ပင့်ဆောင်ပူဇော်ကြစဉ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့ မစိုးရိမ် တိုက်သစ်   မဟာနာယကဆရာတော်   အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြု၍ ဆရာတော် သံဃာတော်များ၊  ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ တပည့်ဒါယကာ ဒါယိကာမများ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဝတ်ရွတ်အဖွဲ့များ က ဆရာတော်ကြီး၏  ဂုဏ်ကျေးဇူးတော်ကို   အာရုံ ရည်မှန်းပြီး ပစ္စယနိဒ္ဒေသ (၂၄)ပစ္စည်း ပဋ္ဌာန်းဒေသနာ တော်ကို ရွတ်ဖတ်ပွားများပူဇော်ကြသည်။

 

သရီရအရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်

၎င်းနောက် ရေမျှောပူဇော်မည့်နေရာသို့ ရောက် သည့်အခါ အခမ်းအနားမှူးက သရီရဓာတု ပဝါဟန ပူဇာအဖြစ် ဗန်းမော်ဆရာတော်ဘုရားကြီး၏ အရိုး ဓာတ်ပြာတော်များကို ရေမျှောပူဇော်တော့မည်ဖြစ် ကြောင်း ကြေညာကာ အနိစ္စာ ဝတ သင်္ခါရာ အစချီ သော  သံဝေဂ   သုံးဂါထာကို   ရွတ်ဆိုပွားများ၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်  တာဝန်ရှိ ပုဂ္ဂိုလ်များက    သရီရအရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော်ကြပြီး   ဆရာတော်သံဃာတော်များ အား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

မြစ်ကမ်းပေါ်မှဖူးမြော်

ဗန်းမော်ဆရာတော်ဘုရားကြီး၏   သရီရအရိုး ဓာတ်ပြာတော်များကို ရေမျှောပူဇော်ရာတွင်  ဆရာ တော် သံဃာတော်များ၊  သာသနာ့နွယ်ဝင်သီလရှင် များ၊ တပည့် ဒါယကာ ဒါယိကာမများက ရွှေကိန္နရီ၊ ပွင့်ဖြူ၊ ပြဒါးပျံ၊ ပတိုင်း၊ ပိတောက်ရေယာဉ်များဖြင့် ခြံရံလိုက်ပါပူဇော်ကြကြောင်းနှင့် လမ်းကြောင်း တစ်လျှောက်တွင်လည်း ရဟန်းရှင်လူပြည်သူအပေါင်းတို့က မြစ်ကမ်းပေါ်မှဖူးမြော်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်