နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေး နှောင့်ယှက်ဖျက်ဆီးမှုများကို ဝိုင်းဝန်းတိုက်ဖျက်

 

မူးယစ်ဆေးဝါးအန္တရာယ်သည် လူသားများကို လူညွန့်တုံးပျက်စီးစေသည်သာမက လူသားများကျန်းမာရေးနှင့် လူမှုဘဝများကိုပါ ထိခိုက်ပျက်စီးစေသည့်အပြင် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးကို ထိခိုက်မှုဖြစ်စေသည်။ အန္တရာယ်ကြီးမားသော မူးယစ်ဆေးဝါးပြဿနာကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အစိုးရသည် ၂၀၁၆ ခုနှစ်တွင် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့ရာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် များစွာအထောက်အကူ ပြုမည်ဟု ယုံကြည်ပါသည်။

 

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧရိယာများရှိခြင်း၊ ဓာတုပစ္စည်းများ နယ်စပ်ဖြတ်ကျော်မှုရှိခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများ မြင့်မားနေခြင်း၊ သုံးစွဲမှုနှင့်နောက်ဆက်တွဲအန္တရာယ် များရှိနေခြင်းတို့သည် ကြီးမားသောစိန်ခေါ်မှုများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော ကပ်ရောဂါဘေးမှကာကွယ်ရေး၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း မူးယစ်ဆေးဝါးအန္တရာယ်ကို အစွမ်းကုန်တိုက်ဖျက်နေကြသည်ကို အသိအမှတ်ပြုကြရမည်ဖြစ်သည်။

 

မကြာသေးမီရက်ပိုင်းက မြန်မာနိုင်ငံနယ်စပ်နှင့်မြို့နယ်များတွင် မူးယစ်ဆေးဝါးများ အမြောက်အမြား ဖမ်းဆီးရမိသည့်ဖြစ်စဉ်များကို တွေ့ရသည်။ အစောပိုင်းတွင် မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် ရောင်းဝယ် ဖြန့်ဖြူးမှုများနှင့်စပ်လျဉ်း၍ လက်နက်ကိုင်အကြမ်းဖက်များနှင့် ဆက်စပ်ပြောဆိုမှုများရှိခဲ့ပြီး ယခုအခါ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့နှင့်ဆက်စပ်ပတ်သက်သည့် စိတ်ကြွဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီးနောက် စိစစ်ထုတ်ဖော်ချက်များအရ AA နှင့်ARSA အကြမ်းဖက်အဖွဲ့ ပူးပေါင်း၍ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများမှာ ယခုအခါ ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။

 

မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ ဓာတုဗေဒပစ္စည်း ထုတ်လုပ်သည့် လမ်းကြောင်းပေါ်တွင် အဓိကတည်ရှိပြီး ကြီးမားသော နိုင်ငံတကာမူးယစ်ဈေးကွက်တစ်ခုဖြစ်သည့် အရှေ့နှင့် အရှေ့တောင်အာရှ ဒေသအတွင်းတည်ရှိနေခြင်းမှာ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာကို ပိုမိုကြီးမားရှုပ်ထွေးစေသည်။ စိတ်ကြွရူးသွပ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှုသည် သိသာထင်ရှားသောပြဿနာများအဖြစ် တည်ရှိနေပြီး မြန်မာနိုင်ငံ၏အနောက်ဘက်နယ်စပ်ဒေသတွင် စိတ်ကြွရူးသွပ်ဆေးဝါးများ အမြောက်အမြားဖမ်းဆီးရမိခဲ့ခြင်းမှာ တောင်အာရှဈေးကွက်၏ အရေးပါမှုကို မီးမောင်းထိုးပြနေသည်။

 

ဖမ်းဆီးရမိမှုနှင့်စိစစ်ဖော်ထုတ်ချက်များအရ AA အကြမ်းဖက်အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့ ချိတ်ဆက်ပူးပေါင်း၍ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုမှရရှိသော အကျိုးအမြတ်များဖြင့် ၎င်းတို့အဖွဲ့များ ရပ်တည်ရေးနှင့် တရားမဝင်လက်နက်ခဲယမ်းများ ဝယ်ယူရရှိရေးတို့ကို ဆောင်ရွက်ပြီး ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေး၊ အလစ်အငိုက်တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ရေးအတွက်လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အထင်အရှားမြင်တွေ့ရပြီဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးဒေသတည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနှင့် တစ်နိုင်ငံလုံး ကိုဗင်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံး အားသွန်ခွန်စိုက် တက်ညီလက်ညီ ကြိုးပမ်းလုပ်ဆောင်နေချိန်တွင် ဒေသတည်ငြိမ်အေးချမ်းမှုများကို ဖျက်လိုဖျက်ဆီးလုပ်မှုများ၊ တိုင်းရင်းသားပြည်သူများ  ဒုက္ခဆင်းရဲရောက်စေရန် လုပ်ဆောင်မှုများကို ဖန်တီးနေသည့် မူးယစ်ဆေးဝါးများဖြင့် အကျိုးအမြတ်ရှာပြီး အဖျက်လုပ်ရပ်လုပ်ကိုင်နေကြသော အကြမ်းဖက်သမားများနှင့် မသမာသူများအား ဝိုင်းဝန်းဖော်ထုတ် တိုက်ဖျက် ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ