နေပြည်တော် ဇွန် ၃၀

 

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေ အေးချမ်းသာယာရေးအတွက် ဟိုမိန်းဒေသတစ်ဝိုက် စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေး တာဝန်များကို ထမ်းဆောင်၍ ပြန်လည် ရောက်ရှိလာသော အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင် မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော် တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့် လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များ ဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆို ဂုဏ်ပြုကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်