နိုင်ငံတကာအဆင့်မီ အမှိုက်မီးရှို့စက်များ တည်ဆောက်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်

ရန်ကုန် ၃၀ မေ

နိုင်ငံတကာအဆင့်မီ အမှိုက်မီးရှို့စက်များ တည်ဆောက်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

"မင်္ဂလာဒုံမှာဆိုရင် တန် ၆၀ အမှိုက်မီးရှို့တဲ့စက်ကို တည်ဆောက်တယ်။ ၂၀၁၅ ခုနှစ်မှာ စတည်တယ်။ ၂၀၁၇ ခုနှစ်မှာစပြီး လည်ပတ်တယ်ပေါ့။ အဲဒီစက်ရုံက တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန် ၄၀ဝ၀ ကျော် လောက်ကိုကျွန်တော်တို့ လျှော့ချနိုင်တယ်။ ဒါက လေထုညစ်ညမ်းမှုကို လျှော့ချနိုင်တဲ့ အခြေအနေဖြစ်တယ်။ နောက်တစ်ခါ ထိန်ပင်မှာ တစ်ရက်ကို တန် ၁၀ဝ စွန့်ပစ်နိုင်တဲ့ ဂျပန်နည်းပညာသုံးစက်ရုံတည်တယ်။ သူက တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်ချိန် ၆၇၀ဝ လျှော့ချနိုင်မှာဖြစ်တယ်။ ဒါက ရန်ကုန်မြို့မှာ လေထု ညစ်ညမ်းမှုလျှော့ချနိုင်တဲ့အခြေအနေတွေပေါ့" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

နောက်ဖေးလမ်းကြားများတွင် စွန့်ပစ်ထားသောအမှိုက်များ၊ ရေမြောင်းများအတွင်းရှိအမှိုက်များမှ လူတို့အတွက် အန္တရာယ်ဖြစ်စေသော မီသိန်းဓာတ်ငွေ့များ၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထွက်လျက်ရှိပြီး လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရသည်။

 

mdn

 

ရန်ကုန်မြို့၌ လေထုတိုင်းတာခြင်းကို ၂၀ဝ၈ ခုနှစ်၊ ၂၀ဝ၉ ခုနှစ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ ဆက်တိုက် တိုင်းတာမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တိုင်းတာမှုအချက်အလက်များ အရ မိုးရာသီတွင် ဓာတ်ငွေ့များနှင့်  အမှုန့်များ ထွက်ရှိမှုသည် စံချိန်စံညွှန်းအောက်တွင်ရှိပြီး နွေရာသီတွင်  စံချိန် စံညွှန်းအထက်တွင် ရှိနေကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် ကျောင်းသားများ၊ ပြည်သူများအား ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ၎င်းတို့မှတစ်ဆင့် ဆင့်ပွားအသိများ ဖြန့်ဝေကာ အမှိုက်၊ သစ်ရွက်များ မီးမရှို့စေရေး၊ ရေမြောင်းများအတွင်း အမှိုက်မပစ်စေရေး၊ နောက်ဖေးလမ်းကြားတွင်အမှိုက်မပစ်စေရေး စသည်ဖြင့် လေထုညစ်ညမ်းမှုကို လျော့ချနိုင်မည့် နည်းလမ်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - ထိန်လင်း