နိုင်ငံတကာအဆင့်မီ မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမကြီးနှင့် ဖွံ့ဖြိုးလာမည့် ပြည်သူ့စီးပွား

 

 

ဗညားဦး

 

မြင့်မားသော ရှမ်းတောင်တန်းများသည် တစ်တောင်နှင့်တစ်တောင် နွှယ်ယှက်နေသည်။ ထိုသို့ မြင့်မားပြီး ကျောက်တုံး ကျောက်ဆောင်များ၊ လျှိုများ၊ ချောက်များတည်ရှိနေသော တောင်တန်းများကို ကျော်လွန်ကာ တောင်ပေါ်မြေပြန့် လွယ်လင့်တကူ အဆင်ပြေပြေ သွားလာနိုင်စေရန် လမ်းကွန်ရက်များကို လွှမ်းခြုံထား နိုင်ပြီဖြစ်သည်။

 

 တောင်ပေါ်မြေပြန့် အလှမ်းမဝေးတော့

 

ထိုကဲ့သို့ လွှမ်းခြုံထားနိုင်ပြီဖြစ်သည့်အတွက် တောင်ပေါ်မြေပြန့် အလှမ်းမဝေးတော့ဘဲ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိတ္ထီလာမြို့မှသည် ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့၊ ကျိုင်းတုံ မြို့၊ တာချီလိတ်မြို့တို့အထိ ချိတ်ဆက် ထားသော မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမကြီးကို အသုံးပြု၍ အဆင်ပြေလွယ်ကူစွာသွားလာ နိုင်ပြီဖြစ်သည်။ ယင်းလမ်းပိုင်းကို အသုံးပြုသည့် ပြည်သူများအနေဖြင့် ပိုမိုအဆင်ပြေလွယ်ကူစွာ ဆက်သွယ်သွားလာနိုင် စေရန် လမ်းဦးစီးဌာနအနေဖြင့် လမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းကို ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိသည်။

 

လမ်းဦးစီးဌာနအနေဖြင့် လမ်းများတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် နှစ်ရှည်ပင်မစီမံကိန်းတွင် ပါဝင် သော နိုင်ငံတကာနှင့် ဆက်သွယ်သည့် လမ်းများ၊ အဓိက ပြည်ထောင်စုလမ်းများအား ကတ္တရာလမ်း ၃ ဒသမ ၆၆ မီတာ အကျယ်မှ ၅ ဒသမ ၅ မီတာ အကျယ် ချဲ့ရန်နှင့် ခုနစ်မီတာအကျယ် ကတ္တရာ ကွန်ကရစ်လမ်းအဖြစ်ရရှိအောင် ဘဏ္ဍာ နှစ်အလိုက် ရရှိရန်ပုံငွေပေါ်မူတည်၍ အဆင့်ဆင့်တိုးမြှင့်ဖောက်လုပ်ရန်၊ လမ်းများအား ရာသီမရွေးသွားလာနိုင်သည့် လမ်းဖြစ်ရန်နှင့် ၃ ဒသမ ၆၆ မီတာ ၁၂ ပေ အကျယ်မှ ၅ ဒသမ ၅ မီတာ ၁၈ ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့် တိုးမြှင့်နိုင်ရန် ဘဏ္ဍာနှစ်အလိုက်ရရှိ ရန်ပုံငွေပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရန်ဟူသည့် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။

“မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမကြီးဟာ အဓိကတော့ ရှမ်းပြည်နယ်တစ်ခုလုံးနဲ့ မြေပြန့်ဒေသ ကို ချိတ်ဆက်ပေးတဲ့ လမ်းမကြီးပါ။ ဒီလမ်းမကြီးကို ပြည်သူတွေအနေနဲ့ အဆင်ပြေလွယ်ကူစွာ သွားလာအသုံးပြု နိုင်နေပါပြီ။ ပြည်သူတွေအတွက် ဒီလမ်းမကြီးဟာ အရေးပါတဲ့ လမ်းမကြီး ဖြစ်တဲ့အတွက် ၄၈ ပေအကျယ် နိုင်လွန် ကတ္တရာလမ်းအဖြစ် ရည်မှန်းအဆင့်မြှင့် တင်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် ရာမှာ ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ အပိုင်းအလိုက်သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ရှမ်းပြည်နယ် (တောင်ပိုင်း) လမ်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးသူရဇော်က ပြောသည်။

 

ခရီးမိုင်အားဖြင့် ၄၉၀ မိုင် ၇ ဖာလုံ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မှ စ၍ ရှမ်းပြည်နယ် တာချီလိတ်မြို့အထိ ချိတ်ဆက်ထားသော မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမကြီးသည် ခရီးမိုင်အားဖြင့် ၄၉၀ မိုင် ၇ ဖာလုံ ရှိသည်။

 

“မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းဟာ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းမကြီးဖြစ်တယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြန်မာပြည် အလယ်ပိုင်းကို ချိတ်ဆက်ပြီး ရန်ကုန် - မန္တလေး (အမြန် လမ်းမကြီး) ကနေ တစ်ဆင့်ဖြစ်စေ၊ ရန်ကုန်  - တောင်ငူ - မန္တလေး (လမ်း ဟောင်း) ကနေတစ်ဆင့်ဖြစ်စေ မြန်မာ ပြည်တစ်ဝန်း ချိတ်ဆက်အသုံးပြု သွားလာ နိုင်တဲ့ အရေးပါတဲ့လမ်းတစ်လမ်း ဖြစ်တယ်။ ဒီလမ်းပိုင်း အဆင့်မြှင့်တင်မှု အနေနဲ့ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်ဆိုရင် မိတ္ထီလာမြို့နယ်အပိုင်းမှာ AC လမ်း ၂ မိုင် ၃ ဖာလုံနဲ့ သာစည်မြို့နယ် မှာ လမ်းအနိမ့်အမြင့် ဖြေညှိပြီး ကတ္တရာ ရေပိတ်လွှာလောင်းခြင်း ၃ မိုင် ဆောင်ရွက်ဖို့ လျာထားပါတယ်။ ပြည်သူ တွေ အန္တရာယ်ကင်းရှင်းစွာနဲ့ ယာဉ်တွေ လွယ်ကူချောမွေ့စွာ သွားလာနိုင်ဖို့ အတွက် တောင်ပေါ်ဒေသ ဆောက်လုပ် ရေးကုမ္ပဏီက B.O.T စနစ်နဲ့ တာဝန်ယူ ဆောင်ရွက်ပြီးတော့ လမ်းဦးစီးဌာန မိတ္ထီလာခရိုင်က ကြီးကြပ်ဆောင်ရွက် လျက်ရှိပါတယ်”ဟု မိတ္ထီလာခရိုင် လမ်း ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး(မြို့ပြ) ဒေါ်ဝင်းဖြူဖြူသိန်းကပြောသည်။

 

ယင်းလမ်းမကြီးမှ မိတ္ထီလာ - တောင်ကြီးအပိုင်းသည် ၁၁၅ မိုင် ၂ ဖာလုံ ရှိပြီး မန္တလေးတိုင်းဒေသကြီးအပိုင်း တွင်ပါရှိသည့် ၅၂ မိုင် ၆ ဖာလုံကို တောင်ပေါ်ဒေသ ဆောက်လုပ်ရေး ကုမ္ပဏီက B.O.T စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လမ်းဦးစီးဌာန မိတ္ထီလာခရိုင်က ကြီးကြပ်ဆောင်ရွက် လျက်ရှိသည်။ မိတ္ထီလာခရိုင်တွင် ပါရှိ သည့် လမ်းပိုင်းအဆင့်မြှင့်တင် ကောင်းမွန်လာခြင်းနှင့်အတူ လမ်းပိုင်း ပေါ်ရှိ ကျေးရွာပေါင်း ၄၅ ရွာမှ ဒေသခံ ၇၄၃၄၆ ဦး၏ လူမှုစီးပွားဘဝများသည် လည်း တိုးတက်လာမည်ဖြစ်သည်။

 

 အောင်ပန်းက ပြည်နယ်ရဲ့ ကုန်စည်ဒိုင်လိုဖြစ်နေ

 

“ကျွန်တော်တို့ ဒေသက မြန်မာနိုင်ငံ ရဲ့ စားဖိုဆောင်လို့ ပြောလို့ရပါတယ်။ စားဖိုဆောင် သီးနှံအားလုံး စိုက်ပျိုး ထွက်ရှိပြီးတော့ ဒီသီးနှံအားလုံးကို တင်ပို့ ရောင်းချတဲ့အခါ တစ်နေရာနဲ့တစ်နေရာ ကုန်ကဲ့ပြီး ရောင်းချရတာနဲ့ တိုက်ရိုက် တစ်ခါတည်း သွားရောင်းနိုင်တာနဲ့ စားသုံးသူဆီရောက်တဲ့ ကုန်ကျစရိတ်က မတူပါဘူး။ ဒီနေရာမှာ လမ်းအသုံးပြုခ ကောက်တဲ့အပေါ် အမြင်မတူတာတော့ ရှိပါတယ်၊ လမ်းမကောင်းလို့ အဆင့်ဆင့် သယ်ယူနေရတာထက် လမ်းကောင်း ကောင်းသုံးရတဲ့အတွက် အသုံးပြုခပေးရတာကလည်း ကုန်ကျစရိတ် အများကြီးသက်သာပါတယ်။ အခုဆို ကျွန်တော် တို့ ပြည်နယ်မှာဆိုရင် အောင်ပန်းက ပြည်နယ်ရဲ့ ကုန်စည်ဒိုင်လိုဖြစ်နေတော့ ကုန်ပို့ရင် အောင်ပန်းကနေ ရန်ကုန်ကို တစ်ညအိပ်နဲ့ ရောက်သွားတယ်။ ပြီးတော့ လမ်းကောင်းတဲ့အတွက် ကားသက်သာ တယ်။ ယာဉ်မောင်းလည်း လမ်းကြောင့် မပင်ပန်းဘူး။ သတိနဲ့ ယာဉ်အန္တရာယ် ကင်းအောင်မောင်းရုံပဲ” ဟု အောင်ပန်း သား ယာဉ်လိုင်းပိုင်ရှင် ဦးစိုးဝင်းက ပြောသည်။

 

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းမကြီးမှ မိတ္ထီလာ - တောင်ကြီး အပိုင်းသည် ၁၁၅ မိုင် ၂ ဖာလုံရှိသည့်အနက် ရှမ်းပြည်နယ် အပိုင်းတွင်ရှိသည့် ၆၂ မိုင် ၄ ဖာလုံကို တောင်ကြီးခရိုင် လမ်းဦးစီးဌာနမှ ကြီးကြပ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

 

“ကျွန်တော်တို့တောင်ကြီးခရိုင်ဘက်ခြမ်းမှာပါဝင်တဲ့ လမ်းပိုင်းကို တောင်ပေါ် ဒေသဆောက်လုပ်ရေးကုမ္ပဏီလီမိတက် က B.O.T စနစ်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

လုပ်ငန်းဆောင်ရွက်တဲ့ ပုဂ္ဂလိက ကုမ္ပဏီအနေနဲ့ လမ်းတိုးချဲ့အဆင့်မြှင့် တင်တဲ့လုပ်ငန်းတွေမှာ စနစ်တကျ အရည်အသွေးပြည့်မီစေဖို့ရာ ကျွန်တော် တို့ဌာနအနေနဲ့ ကြီးကြပ်ဆောင်ရွက် လျက်ရှိပါတယ်။ အဓိကတော့ လမ်း ပိုင်ရှင်ပြည်သူတွေအတွက် လမ်းဦးစီး ဌာနကသတ်မှတ်ထားတဲ့ Pavement Design Mix Design တွေနဲ့အညီဖြစ်စေ ဖို့ပါ” ဟု တောင်ကြီး ခရိုင် လမ်းဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ရှင်းပြသည်။

 

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမကြီးသည် ပြည်ထောင်စုလမ်းမကြီး ဖြစ်သည့်အပြင် နိုင်ငံတကာဆက်သွယ်ရေးနှင့် အာရှ အာဆီယံလမ်းမကြီးအဖြစ်ပါ နိုင်ငံအတွက် အရေးပါသည့် လမ်းမကြီးအဖြစ် တည်ရှိနေသည်။ ရှမ်းပြည်နယ်မှတစ်ဆင့် အိမ်နီးချင်း တရုတ်၊ လာအို၊ ထိုင်းနိုင်ငံ တို့နှင့် နယ်စပ်ကုန်သွယ်မှုပြုရန် အတွက်ပါ အသုံးပြုနေသည့် လမ်းမကြီး လည်းဖြစ်သည်။

 

အကောင်အထည် ဖော်လျက်ရှိ

 

ထိုသို့ လမ်းပိုင်းများအဆင့်မြှင့်တင် ကောင်းမွန်စေရန် ကြိုးပမ်း ဆောင်ရွက်ရာတွင် လမ်းဦးစီးဌာနသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး စာချုပ်စာတမ်း ခိုင်ခိုင်မာမာ ချုပ်ဆိုဆောင်ရွက်၍ လုပ်ငန်းများတာဝန်ပေးအပ် ဆောင်ရွက်ခြင်း၊ ဆောင်ရွက်သည့် လုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အရည်အသွေး ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ လမ်းလုပ်ငန်းများအား B.O.T စနစ် ဖြင့် ဆောင်ရွက်ခြင်း၊ တည်ဆောက်ရေး လုပ်ငန်းနှင့် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများအား တင်ဒါစနစ်ဖြင့် ပုတ်ပြတ်လုပ်ငန်းများဆောင်ရွက်စေ ခြင်းတို့ဖြင့်လည်း အကောင်အထည် ဖော်လျက်ရှိသည်။

 

“ပြည်သူတွေအတွက် လမ်းက အခြေခံဖွံ့ဖြိုးရေးဖြစ်တဲ့အတွက် လမ်းတွေ အဆင့်မြှင့်တင်ဆောင်ရွက်တဲ့အခါ နိုင်ငံတော်အနေနဲ့ ဆောင်ရွက်တဲ့အခါ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးကဏ္ဍအစုံကို ဆောင်ရွက်ရာဖြစ်တာမို့ ဘဏ္ဍာနှစ် အလိုက်ပဲ ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဌာနအနေနဲ့ B.O.T စနစ်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို ဆောင်ရွက်စေပြီးတော့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက် လမ်းကောင်းမွန်ရေး ကို ဖြည့်ဆည်းရပါတယ်။ ကျွန်တော်တို့ ဌာနကတော လမ်းတွေကို တာဝန်ယူ ထားတာမို့ နိုင်ငံ့ဘဏ္ဍာနဲ့ဖြစ်စေ၊ B.O.T စနစ်နဲ့ဖြစ်စေ ဆောင်ရွက်တဲ့ လမ်းတိုင်း ကို အရည်အသွေးမီအောင်၊ အချိန်မီ ပြီးစီးအောင် အဓိကထားပါတယ် ” ဟု ညွှန်ကြားရေးမှူး ဦးသူရဇော်က ပြောသည်။

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမကြီး အဆင့်မြှင့်တင် ရာတွင်လည်း ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် လမ်းဦးစီး ဌာနများနှင့် လမ်းဦးစီးဌာန လမ်းအထူး အဖွဲ့(၄)၊ လမ်းအထူးအဖွဲ့(၅) တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် B.O.T စနစ်ဖြင့် တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက် နှင့် နေမင်းရောင်ကုမ္ပဏီတို့က လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း လမ်းဦးစီး ဌာနမှ သိရသည်။

 

“ကျွန်တော်တို့အနေနဲ့ B.O.T စနစ်နဲ့ တာဝန်ယူ ဆောင်ရွက်တာကတော့ မိတ္ထီလာ - ကလော - တောင်ကြီးအပိုင်း ၁၁၅ မိုင် ၂ ဖာလုံဖြစ်ပါတယ်။ ဘုရား ငါးဆူ - ကလော - တောင်ကြီးလမ်းပိုင်းမှာ ယာဉ်အစီးရေ ၂၀၀၀ ကျော်တဲ့အတွက် AADT မူဝါဒအရ ၄၈ ပေအကျယ် လေးလမ်းသွားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးသွားပါပြီ၊ ဒီလမ်းကို အများပြည်သူ အသုံးပြုရာ ပိုပြီး အဆင်ပြေလွယ်ကူစွာသုံးနိုင်ဖို့ ၄၈ ပေအကျယ် နိုင်လွန်ကတ္တရာလမ်း အဖြစ် တိုးချဲ့ဆောင်ရွက်နေပါတယ်။ ဒီထဲမှာ ရာခိုင်နှုန်းပြည့် ပြီးစီးတာရှိသလို လုပ်ငန်းဆောင်ရွက်ဆဲလည်း ရှိပါတယ်။ နိုင်လွန်ကတ္တရာခင်းတာက ရှမ်းပြည် နယ်အပိုင်းမှာ နန့်ပန်တက် - ကလော - တောင်ကြီးအထိ ၆၂ မိုင် ၄ ဖာလုံကို ၄၈ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးဖြစ်ပါတယ်။ မိတ္တီလာ - ဘုရားငါးဆူ - နန့်ပန်တက်အပိုင်းလည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီး ဖြစ်ပါတယ်၊ မြို့တွင်းရွာတွင်း နေရာ တွေမှာ ဦးစားပေးအနေနဲ့ အပိုင်းလိုက် ခွဲခြားပြီး နိုင်လွန်ကတ္တရာခင်းခြင်း ၇ မိုင် ၃ ဖာလုံ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေကို လည်း နိုင်လွန်ကတ္တရာခင်းဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု တောင်ပေါ် ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ QC Leader ဦးအောင်တင့်က ပြောသည်။

 

တိုးချဲ့ အဆင့်မြှင့်တင်

 

B.O.T စနစ်ဖြင့် လုပ်ငန်းလက်ခံ ဆောင်ရွက်နေသည့် ယင်းကုမ္ပဏီသည် မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းပေါ်တွင် မိတ္ထီလာ - နန့်ပန်တက်၊ ပျော်ဘွယ် - ဘုရားငါးဆူ၊ သာစည် - သပြေဝ၊ ဘုရား ငါးဆူ - နန့်ပန်တက်၊ နန့်ပန်တက် - ကလော၊ ကလော - တောင်ကြီး စသဖြင့် လမ်းပိုင်းအလိုက် တိုးချဲ့ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

 

“လမ်းချဲ့တာ၊ နိုင်လွန်ကတ္တရာ ခင်းတာ စတဲ့လုပ်ငန်းတွေနဲ့အတူ Guard Rail, Guard Post, Road Sign တွေ တပ်ဆင်တာ၊ လမ်းကြံ့ခိုင်မှုအနေနဲ့ လမ်းဘေး ဝဲ၊ ယာ ရေမြောင်းတွေ တည်ဆောက်တာ၊ မြေထိန်းနံရံ တည်‌ ဆောက်တာ၊ လမ်းပခုံးတည်ဆောက် တာတွေအပြင် လမ်းထိန်းသိမ်းမှုအနေနဲ့ လမ်းပေါက်တွေ စနစ်တကျ ဖာထေးတာ၊ Lane Marking ဆေးအသစ် ပြန်ဆွဲတာ၊ လမ်းလယ်ကျွန်း ကပ်တုံးတွေ၊ မိုင်၊ ဖာလုံ၊ ကီလိုမီတာတိုင်တွေနဲ့ တံတား တွေ ဆေးသုတ်တာ စတာတွေကို အသေးစိတ် ဆောင်ရွက်ရပါတယ်။ လမ်း ဘေး ဝဲ၊ ယာ တစ်လျှောက်မှာလည်း အရိပ် ရသစ်ပင်တွေ၊ ပန်းပင်တွေ နှစ်စဉ် မိုးရာသီရောက်တိုင်း စနစ်တကျပြုစု စိုက်ပျိုးထားပါတယ်။ ကျွန်တော်တို့ တာဝန်ယူထားတဲ့ လမ်းတွေနဲ့ ပတ်သက်ပြီး လမ်းဦးစီးဌာနက လမ်းညွှန်မှု ပြုသလို လုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနဲ့ ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု QC Leader ဦးအောင်တင့်က ရှင်းပြသည်။

 

mdn

 

 

လမ်းများအဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရန် နှစ်စဉ်လုပ်ငန်းစီမံချက်များရေးဆွဲခြင်း၊ ဒီဇိုင်းတိုင်းတာပုံ ထုတ်ခြင်း၊ Mix Designများထုတ်ပေးခြင်း၊ အရည် အသွေး စစ်ဆေးခြင်းနှင့် နှစ်စဉ်စီမံချက်များအား ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးစေရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ Road Safety Facilitiesများဆောင်ရွက် ခြင်း၊ Toll Gateများစနစ်တကျ ဖြစ်စေရေး စီမံဆောင်ရွက်ခြင်းတို့ကို လမ်းဦးစီး ဌာန၊ B.O.T Task Force အဖွဲ့က အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ B.O.T စနစ်ဖြင့် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ စိုက်ထုတ် သုံးစွဲရန် မလိုအပ်ဘဲ အချိန်တိုအတွင်း လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်း၊ လမ်း၊ တံတား အသုံးပြုခ ကောက်ခံရရှိမှုအပေါ် နိုင်ငံတော်မှ အခွန်စည်းကြပ် ငွေများရရှိခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာခြင်းတို့အပြင် ပြည်သူများလမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ ကာ လူမှုစီးပွားဘဝများကို အထောက် အပံ့ပြုနိုင်မည်ဖြစ်သည်။

 

ထို့ကြောင့် လမ်းဦးစီးဌာနအနေဖြင့် ၂၄ ပေအကျယ် ရရှိပြီးသည့် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမကြီးတွင် နေ့စဉ် ယာဉ်ဖြတ်သန်း သွားလာမှု ၂၀၀၀ ကျော် တည်ရှိနေသည့် အတွက် ယာဉ်အသွားအလာ အန္တရာယ် ကင်းရှင်းစေရန်၊ အချိန်တိုအတွင်း လွယ်ကူစွာ သွားလာနိုင်စေရန် ရည်ရွယ် ၍ ၄၈ ပေအကျယ် နိုင်လွန်ကတ္တရာလမ်း အဖြစ် လမ်းအဆင့်မြှင့်တင်ခြင်း ဖြစ်သည်။ ထိုသို့ အဆင့်မြှင့်တင်ခြင်းနှင့် အတူ ဒေသစီးပွား၊ နိုင်ငံ့စီးပွားကို အထောက်အကူပြုနိုင်သည့် နိုင်ငံတကာ အဆင့်မီ မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမကြီးအဖြစ် ပြည်သူများပိုမိုအဆင်ပြေစွာ အသုံးပြု နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။