နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာရိုးရာလှေအဖွဲ့ လေ့ကျင့်ပြင်ဆင်

ရန်ကုန်   ဖေဖော်ဝါရီ   ၇

မြန်မာရိုးရာလှေအဖွဲ့သည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ယခုနှစ် မေလတွင် ပြန်လည်ကျင်းပမည့် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် ရိုးရာလှေပြိုင်ပွဲ မပါဝင်သဖြင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ လှေနှင့် ကနူးကယက်ပြိုင်ပွဲ အမျိုးအစားများအတွက်သာ ပြင်ဆင်လျက်ရှိသော်လည်း ရိုးရာလှေအားကစားသမားများကိုမူ နိုင်ငံတကာပြိုင်ပွဲများအတွက် အချိန်ယူပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် ရိုးရာလှေအားကစားသမားများကို ၂၀၂၁ ခုနှစ် ဧပြီလကတည်းက လေ့ကျင့်စေခြင်းဖြစ်ပြီး ၂၀၂၂ အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာရိုးရာလှေအဖွဲ့သည် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၅ ဦး ရွေးချယ်ကာ စခန်းဝင်လေ့ကျင့် လျက်ရှိပြီး ယခုလဆန်းပိုင်းက ကျင်းပပြီးစီးသွားသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ရိုးရာလှေပြိုင်ပွဲမှ အလားအလာရှိသူများကိုလည်း ပဏာမလက်ရွေးစင်အဖြစ်ရွေးချယ်ထားသည်။ ယင်းပြိုင်ပွဲမှ အလားအလာရှိသည့် ကစားသမား ၄၀ ကျော် ရွေးချယ်ထားပြီး ယခင် ရွေးချယ်ထားသည့် လက်ရွေးစင် ကစားသမား ၃၀ ကျော်နှင့် ပေါင်းစပ်ကာ ဆက်လက်ပြင်ဆင်သွားမည် ဖြစ်သည်။

မြန်မာရိုးရာလှေအဖွဲ့သည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရခြင်း မရှိတော့ဘဲ လာမည့်ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင်လည်း ရိုးရာလှေမပါဝင်သဖြင့် အာရှအားကစား ပြိုင်ပွဲမှသာ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာရိုးရာလှေအဖွဲ့သည် အာရှအားကစားပြိုင်ပွဲ မတိုင်မီ အခြားနိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများရှိပါက ကိုဗစ် -၁၉ ကပ်ရောဂါအပေါ် မူတည်၍ ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိနေသည်။ ၂၀၂၂ အာရှအားကစား ပြိုင်ပွဲကို ယခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက် အထိ တရုတ်နိုင်ငံ ဟန်ကျိုးမြို့၊ ၂၀၂၃ ခုနှစ် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသွားမည် ဖြစ်သည်။

ရဲရင့်လွင်