နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၅) ဖွင့်လှစ်

နေပြည်တော် မေ ၂၇

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၅)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကဏ္ဍအလိုက်၊ ရာထူးအဆင့်အလိုက် သက်ဆိုင်ရာလုပ်ငန်းများကို တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန်နှင့် စဉ်ဆက်မပြတ် ဆောင်ရွက်တတ်စေရန် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များက လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို နိုင်ငံတော်၏ မူဝါဒ၊ လုံခြုံရေးနှင့်ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေအနေများအား သိရှိစေရန်၊ ကျောင်းသားများနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိစေရန်၊ ဆရာ့သိက္ခာနှင့် ကျင့်ဝတ်များ စိတ်ဓာတ်ခံယူချက်များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။

 

ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်၏ အခြေခံဖြစ်သော မျိုးဆက်သစ်လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိများ တိုးတက်မြင့်မားရေး၊ စည်းကမ်းရှိပြီး အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခံယူချက်ကောင်းမွန်ရေးတို့မှာ အရေးကြီးပါကြောင်း၊ ကျောင်းသား၊ လူငယ်များကို အတတ်ပညာ သင်ကြားပေးရုံသာမက ထက်မြက်သောအမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော ဥပဒေနှင့်စည်းကမ်းများကို လေးစားလိုက်နာပြီး စွမ်းဆောင်ရည်မြင့်မားသော ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ်များ နိုင်ငံ့သားကောင်းများဖြစ်စေရေး ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ ထိုသို့ ထူးချွန်ထက်မြက်သည့်တပည့်များ ပေါ်ထွန်းရန် ဆရာ့အရည်အချင်းပေါ် မူတည်သောကြောင့် ယခုသင်တန်းမှရရှိသည့် အတွေ့အကြုံ၊ ပညာရပ်များနှင့် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်နေသည့် နည်းပညာ အသစ်အဆန်းများကို စဉ်ဆက်မပြတ်လေ့လာပြီး ကျောင်းသားများကို ပြန်လည်မျှဝေ ပြုစုပျိုးထောင်ကြရန် တိုက်တွန်းမှာကြားသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား (၇၈)ဦး၊ သင်တန်းသူ (၃၂၆)ဦး၊ စုစုပေါင်း (၄၀၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂၇ ရက်မှ ဇွန် ၂၈ ရက်အထိ ရက်သတ္တ (၅)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်