နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၁)၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၅) သင်တန်းဖွင့်ပွဲများကျင်းပ

ရန်ကုန် မေ ၁၃              

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာ သိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင် ဦးရဲနိုင်က ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် လက်တွေ့တာဝန်ယူ ဆောင်ရွက်ကြရသည့် အရာထမ်းများ၏ အရည်အသွေးမြင့်မားပြီး ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်စေရန်၊ ခံယူချက်၊ ယုံကြည်ချက် ပိုမိုခိုင်မာလာစေရန်၊ နိုင်ငံတော်အတွက် အားကိုးယုံကြည်ရပြီး အနာဂတ်တွင် အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နိုင်စေရန် ရည်ရွယ်ချက်ထားပြီး လေ့ကျင့်ပေးသည့် သင်တန်းဖြစ်ကြောင်း၊ ခေတ်နှင့် အညီပြောင်းလဲလာသော စီမံခန့်ခွဲရေးဆိုင်ရာ အယူအဆနှင့် အတွေ့အကြုံများကို လေ့လာသိရှိစေပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ထိရောက်ထက်မြက်စွာ ဆောင်ရွက်တတ်စေရန်၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှု သဘောတရားများကို သိရှိနားလည်စေရန်နှင့် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို လေ့လာဆည်းပူးနိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

အလယ်အလတ်အဆင့် အရာထမ်းသင်တန်း၊ အမှတ်စဉ်(၁၁)ကို မေ ၁၃ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ သင်တန်းသား(၄၁)ဦး၊ သင်တန်းသူ(၄၂)ဦး စုစုပေါင်း(၈၃)ဦးဖြင့် ရက်သတ္တ(၂၀)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

ထို့ပြင် စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၇ နာရီတွင် အုန်းတောခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။

 

အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၅)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၁၅)ဦး၊ သင်တန်းသူ(၅၂)ဦး စုစုပေါင်း(၆၇)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၁၃ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ရက်သတ္တ(၁၀)ပတ်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်