နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၄)နှင့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၄ 

 

အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက်၈ နာရီတွင် ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအား အမျိုးသားရေးအမြင်ရရှိရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရန် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်တွင် ဆောင်ရွက်လျက်ရှိသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းပညာရပ်များကို ထဲထဲဝင်ဝင်သိရှိစေရန်၊ စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းပြီး ပြည်သူ့အကျိုး ရှေးရှုသော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က ချမှတ်ထားသော သင်တန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပြီး မိခင်ဝန်ကြီးဌာန၏ ဂုဏ်ဆောင်နိုင်ပြီး ကြိုးစားကြရန်၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ တက်တက်ကြွကြွဖြင့် နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။ 

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သော အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း၊ အမှတ်စဉ်(၄)သို့ သင်တန်းသား(၁၂၃)ဦး၊ သင်တန်းသူ(၁၂၀)၊ စုစုပေါင်း(၂၄၃)ဦး တက်ရောက်ကြောင်းနှင့်  သင်တန်းကာလမှာ ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်အထိ ရက်သတ္တ(၁၀)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။     

 

ထို့ပြင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၀)၏ In-House သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၉ နာရီတွင် အုန်းတောခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ ဆရာ၊ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းသည် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် အလယ်အလတ်အဆင့် အရာထမ်းများ၏ အရည်အသွေး ပိုမိုမြင့်မားလာပြီး မှန်ကန်သည့် ခံယူချက်၊ ယုံကြည်ချက်တို့ ခိုင်မာမြင့်မားစေရန်နှင့် နိုင်ငံတော်အတွက် ယုံကြည်အားကိုးရပြီး အနာဂတ်၌ အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နိုင်စေရန်အတွက် စွမ်းရည်မြင့်မားလာစေရန် လေ့ကျင့်ပေးသော သင်တန်းဖြစ်ပါကြောင်း။


 
သင်တန်းကာလတစ်လျောက် ချမှတ်ထားသော စည်းကမ်းများကို တိကျစွာလိုက်နာကြပြီး လေ့ကျင့်ပို့ချပေးသည့် သင်ခန်းစာများကို ဂရုတစိုက် သင်ယူမှတ်သားသွားကြရန်နှင့် သင်တန်းကို အောင်မြင်စွာ ပြီးဆုံးသည်အထိ ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားသည်။

 

အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၀)အား ဩဂုတ် ၇ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ Distance Learning ဖြင့်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ In-House Learning ဖြင့် ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းသို့ သင်တန်းသား(၄၄)ဦး၊ သင်တန်းသူ(၄၉)ဦး၊ စုစုပေါင်း(၉၃)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်