ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိသွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတကြီး သွားရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးတို့အတွက် သွားရောက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း၌ တရုတ်နိုင်ငံသမ္မတကြီး မစ္စတာရှီကျင့်ဖျင်၊ တရုတ်နိုင်ငံဝန်ကြီးချုပ်၊ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ ဒေသဆိုင်ရာခေါင်းဆောင်များ၊ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးစီးပွားများကို ဖော်ဆောင်နိုင်ခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးနှင့်တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ရေး၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ထောင်ရေးနှင့် မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသမ္မတကြီးက မကြာမီက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကိုကြိုဆိုပြီး ပြည်သူများက ရွေးချယ်တင်မြှောက်ခဲ့သည့် ရွေးကောက်ခံ အစိုးရအဖွဲ့ကို အပြည့်အဝထောက်ခံအားပေးသည်ဟု ခိုင်ခိုင်မာမာပြောကြားခဲ့သည်။ ထို့အပြင် အစိုးရအဖွဲ့သစ်က ဆောင်ရွက်နေသည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်ငြိမ်းချမ်းရေးကိစ္စရပ်များကိုထောက်ခံပြီး ရှေ့ဆက်၍လည်း ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသမ္မတကြီးက နိုင်ငံတကာမျက်နှာစာ၊ ကုလသမဂ္ဂနှင့် အာဆီယံအသိုက်အဝန်းတို့တွင် မြန်မာနိုင်ငံအနေဖြင့် တန်းတူညီမျှအပြည့်အဝပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးကိုလည်း ထောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအသီးသီးတွင် တရုတ်နိုင်ငံတာဝန်ရှိသူများအနေဖြင့် အပြည့်အဝပူးပေါင်းကူညီဆောင်ရွက်သွားရန်လည်း မှာကြားထားသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီး၏ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်သည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် ဂုဏ်တင့်တယ်သည့် စာမျက်နှာသစ် ဖွင့်လှစ်နိုင်တော့မည်ဖြစ်၍ မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရ၊ သံတမန်ရေးအရ၊ စီးပွားရေးအရ များစွာအကျိုးရှိပြီး ပေါက်မြောက်အောင်မြင် သမိုင်းဝင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။
အထူးသဖြင့် တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်သည် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးတို့အတွက် အကျိုးအမြတ်များစွာ ရရှိခဲ့သည့်ခရီးစဉ်ဖြစ်သည်။ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ အကောင်းမွန်ဆုံးတိုးတက်မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ် ကျင်းပပြုလုပ်သည့် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai အခမ်းအနားမှ အကျိုးရလဒ်များစွာ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ၅၀၀ ကျော်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၂၀၀ ကျော်တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားမှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ၇၀ ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံက ကဏ္ဍအသီးသီး၊ အလွှာအသီးသီး၊ လူထုလူတန်းစားအသီးသီးအတွက် အခွင့်အလမ်းကောင်းများ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ယခုခရီးစဉ်တွင် အာကာသနည်းပညာရပ် ဆိုင်ရာကိစ္စရပ်များ၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်နှင့် မိုးလေဝသ စောင့်ကြည့်ရေးကိစ္စရပ်များတွင် နှစ်နိုင်ငံပညာရှင်များပူးပေါင်းပြီး မကြာမီဂြိုဟ်တု တစ်လုံးလွှတ်တင်နိုင်ရေး ဆွေးနွေးနိုင်ခဲ့မှုများသည် ထူးခြားချက်ပင်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် မြန်မာနိုင်ငံနှင့်ပြည်သူများအတွက် ကောင်းကျိုးများစွာ ဆောင်ကြဉ်းပေးနိုင်မည့် ဂုဏ်ယူဖွယ်ရာ သမိုင်းဝင် ခရီးစဉ်ဖြစ်ပါကြောင်း။ ။


