နှလုံးရောဂါဆေးကုသမှုနှင့် ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန်  ၁

 

နှလုံးရောဂါနှင့် ဆီးနှင့် ကျောက်ကပ်ရောဂါ ဆေးကုသမှုလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့၊ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က အထူးကုဘာသာရပ်များ၏ ပါမောက္ခ/ ဌာနမှူးများ၊ တာဝန်ခံအထူးကု ဆရာဝန်ကြီးများကို ဘာသာရပ်အလိုက်တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နိုင်မှုနှင့် အားဖြည့်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုများ၊ ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသမှုများ၊ အဏူမြူရောင်ခြည် ကုသမှုများအတွက် ဆောင်ရွက်ပြီးဖြစ်ကာ ယနေ့တွင် နှလုံးရောဂါနှင့် ဆီးနှင့် ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးကုသမှုများ၊ ခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေးကြရန် ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပါကြောင်း။

 

ပြည်သူ့ဆေးရုံများ၌ နှလုံးနှင့် သွေးကြောဆိုင်ရာကုသမှုများ၊ နှလုံးရောဂါ ခွဲစိတ်ကုသမှုများနှင့်အတူ နှလုံး အထူးကြပ်မတ်ကုသခန်းများ၊ ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ၊ ‌ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်ကုသမှုများ အင်အားပြည့် ဆောင်ရွက်နိုင်ရန်၊ ကျောက်ကပ်အစားထိုးသည့် ခွဲစိတ်ကုသမှုများ ပြန်လည် စတင်နိုင်ရန်အတွက် ဆေးရုံ၊ ဌာနအချင်းချင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ ညှိနှိုင်းကာ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်မည့်စက်ပစ္စည်း၊ ရန်ပုံငွေနှင့် လူအင်အားကို ရရှိနိုင်မည့်နည်းလမ်းများဖြင့် အားဖြည့်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဆေးကုသမှုများအတွက် လိုအပ်သည့် ဆေးနှင့် ဆေးရုံသုံးပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖြည့်ဆည်းရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိရာ ဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် လက်ထောက်ဆရာဝန်များ လေ့ကျင့်မွေးထုတ် ပေးခြင်း၊ ဆေးပညာဘွဲ့ ရရှိပြီးသူများကို လက်ထောက်ဆရာဝန် လျှောက်လွှာများခေါ်ယူခြင်း၊ ဘွဲ့လွန် သင်ကြားရေးလုပ်ငန်းများ ဖွင့်လှစ်ခြင်းဖြင့် အထူးကုဆရာဝန်များ ပိုမိုမွေးထုတ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သူနာပြု အင်အားလိုအပ်ချက်အတွက် အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့် ယာယီရပ်ဆိုင်း ခဲ့သော ကျောက်ကပ်သန့်စင်ခြင်းသင်တန်းနှင့် အရေးပေါ်နှလုံး အထူးကြပ်မတ်ကုသမှုဆိုင်ရာ ပုံမှန် သင်တန်းများကို ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။

 

 ကာကွယ်ရေးဝန်ကြီးဌာနမှလည်း လိုအပ်သည့် အထူးကု ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများကို ကူညီဆောင်ရွက် ပေးနေပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရပ်ဆိုင်ရာဖွံဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအထူးကု ဘာသာရပ်အလိုက် ပြည်ပနိုင်ငံများသို့ သင်တန်းများရွေးချယ် စေလွှတ်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက ဆေးရုံအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ လိုအပ်ချက်များ၊ လုပ်ငန်းရပ်ဆိုင်းနေသည့် ဆေးရုံများ၌ ပြန်လည်စတင်နိုင်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်များက လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)