နှလုံးရောဂါသမားများအတွက် သွားကျန်းမာရေး

ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

သွားနဲ့ခံတွင်း ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ အထူးကာကွယ်မှုပြုဖို့ လိုအပ်တဲ့ နှလုံးရောဂါ အမျိုးမျိုးရှိပါတယ်။ တကယ်လို့ သွားနဲ့ခံတွင်း ပြဿနာတွေကို ကုသဖို့ လိုအပ်နေတဲ့ လူနာတစ်ယောက်ဟာ သူ့မှာနှလုံးအမောဖောက်တာ၊ သွေးတိုးတာ၊ ရင်ဘတ်အောင့်တာ၊ လေဖြတ်တာ၊ မွေးရာပါ နှလုံးအားနည်းတဲ့ ရောဂါတွေ ရှိခဲ့မယ်ဆိုရင် သမားတော်နဲ့ရော သွားဆရာဝန်နဲ့ပါ သေသေချာချာ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို နှလုံးနဲ့ ပတ်သက်တဲ့ရောဂါ ရှိတဲ့သူတွေအနေနဲ့ သွားနဲ့ခံတွင်း သန့်ရှင်းမှုကို သေချာဂရုစိုက်ပြီး သွားဆရာဝန်ဆီ မှန်မှန်သွားခြင်းဟာ အရေးကြီးတဲ့ ကာကွယ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

ပိုးဝင်နှလုံးရောင်ရမ်းခြင်းက အဖြစ်နည်းတယ်ဆိုပေမယ့် ဖြစ်ခဲ့ရင်လည်း သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ နှလုံးအတွင်းကို ဘက်တီးရီးယား ဒါမှမဟုတ် တခြားကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဝင်ရောက်သွားလို့ ဖြစ်တာပါ။ အဲဒီ ဘက်တီးရီးယား ရောဂါပိုးတွေ ဝင်ရောက်နိုင်တဲ့ အဓိကလမ်းကြောင်းဟာ ပါးစပ်ဖြစ်ပါတယ်။

အဲ့ဒီလို မဖြစ်အောင် ကာကွယ်ဖို့အတွက်၊ ပိုးဝင်နှလုံးရောင်ရမ်းခြင်း ဖြစ်ဖူးတဲ့ လူနာ၊ နှလုံးအဆို့ရှင် အစားထိုးထည့်ထားတဲ့ လူနာတွေ၊ နှလုံးအဆို့ရှင် ရောဂါ၊ မွေးရာပါ နှလုံးရောဂါတွေကြောင့် နှလုံးအစားထိုး ကုသထားရတဲ့ လူနာတွေအနေနဲ့ သွားနဲ့ခံတွင်းဆိုင်ရာ ကုသမှု မလုပ်ခင်တွေမှာ ပဋိဇီဝဆေးတွေကို ကြိုသောက်ခိုင်းဖို့ လိုပါတယ်။

အာခြောက်ခြင်း သို့မဟုတ် အရသာခံတဲ့ အာရုံယိုယွင်းပျက်စီးသွားခြင်းတို့က သွေးကျဆေးတွေ သောက်ရင်းဖြစ်တတ်တဲ့ အခြေအနေတွေပါ။ တခြားဆေးတွေကလည်း လူနာတွေ သွားနှုတ်တဲ့ ထိုင်ခုံမှာ လှဲနေရာကနေ ထထိုင်လိုက်တဲ့အခါ မူးလဲသွားတာမျိုး ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် Calcium Channel Blocker လို့ခေါ်တဲ့ သွေးကျဆေးအမျိုးအစားတွေက သွားဖုံးသားတွေ ထူလာခြင်းကို ဖြစ်စေပါတယ်။

အဲ့ဒီဘေးထွက်ဆိုးကျိုးတွေက ဆေးစသောက်ပြီး တစ်လလောက်မှာ ဖြစ်တတ်ပါတယ်။ တချို့ကိစ္စရပ်တွေမှာတော့ သွားဖုံးတွေ ထူလာတာကြောင့် ဝါးရခက်လာတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခြေအနေတွေမှာ ထူလာတဲ့ သွားဖုံးကို ခွဲဖို့ လိုလာနိုင်ပါတယ်။ အဲ့ဒီလိုလူနာတွေအတွက် ခံတွင်းသန့်ရှင်းရေး မှာကြားချက်တွေကို အသေးစိတ် လိုက်နာဖို့နဲ့ မကြာခဏ ခံတွင်းသန့်ရှင်းရေး လုပ်ဖို့ လိုအပ်ပါတယ်။

နှလုံးအမောဖောက်တဲ့အခါ ရင်ဘတ်စအောင့်ပြီး မေးရိုးအောက်ပိုင်းထိ နာကျင်လာတယ်လို့ လူနာတွေက ပြောကြလေ့ရှိပါတယ်။ သွားဆရာဝန် အများစုကတော့ နှလုံးအမောဖောက် လူနာတွေကို သွားနဲ့ခံတွင်း ကုသမှုတွေလုပ်ဖို့ ၆ လအထိ စောင့်ခိုင်းတတ်ပါတယ်။ နှလုံးအားနည်းတဲ့ လူနာတွေဟာ သူတို့ကို နှလုံးအထူးကုတွေ သောက်ခိုင်းထားတဲ့ ဆေးအတိအကျစာရင်းကို သွားဆရာဝန်ဆီပေးဖို့ အရေးကြီးပါတယ်။ ဥပမာ သွေးကျဲဆေး သောက်နေရတဲ့ လူနာတွေဆိုရင် သွားနှုတ်တဲ့အခါ သွေးမတိတ်တော့တာမျိုး ဖြစ်တတ်တဲ့အတွက် ယင်းဆေးကို ခဏရပ်ထားဖို့ လိုပါမယ်။

Calcium channel blockers လို့ခေါ်တဲ့ သွေးတိုးတဲ့အခါ သုံးရတဲ့ ဆေးတွေကို ရင်ဘတ်အောင်တဲ့အခါမှာလည်း သုံးပါတယ်။ ဒါကြောင့် အထက်မှာ ဖော်ပြခဲ့သလို သွားဖုံးထူတာတွေ ဖြစ်တတ်ပါတယ်။ ရင်ဘတ်အောင့်တဲ့ လူနာတွေဟာ အခြေအနေစိတ်ချရတဲ့ အချိန်မျိုးမှာပဲ သွားနဲ့ခံတွင်းဆိုင်ရာ ကုသမှုတွေကို လုပ်သင့်ပါတယ်။ အခြေအနေစိတ်မချရတဲ့ အချိန်မှာတော့ ရင်ဘတ်အောင့်တာကို အရင်ဆုံး ကုသသင့်ပါတယ်။

နှလုံးအားနည်းတဲ့ရောဂါအတွက် ပေးတဲ့ဆေးတွေက အာခြောက်တာ၊ လျှာအရသာပြောင်းတာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ နှလုံးအားနည်းတဲ့ ရောဂါလူနာတွေမှာ နောက်ဆက်တွဲ ပြဿနာတွေ၊ ဘေးထွက်ဆိုးကျိုးတွေ မရှိဘူးဆိုရင် သွားနဲ့ခံတွင်း ကုသမှုအတွက် ထူးထူးခြားခြား အကာအကွယ်တွေလုပ်ဖို့ မလိုပါဘူး။ ဒါပေမယ့် ပြင်းထန်တဲ့ နှလုံးရောဂါမျိုး ရှိနေရင်တော့ ဆေးရုံမှာသာ ဒီလိုသွားနဲ့ပတ်သက်တဲ့ ကုသမှုမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”