နှလုံးသွေးဖြင့် ရေးခဲ့သူများ

mdn

သတင်းဆောင်းပါး - မင်းသိမ်း (နေပြည်တော်)

 

“ပျောက်သောသူရှာရင်တွေ့၊ သေသောသူကြာလျှင်မေ့”ဟူသော ဆိုရိုးစကားရှိခဲ့သော်လည်း ကျွန်တော်၏ နှလုံးအိမ်အတွင်းဝယ် မှေးမှိန်၍မသွား၊ တစ်နေ့တခြား နက်ရှိုင်းသည်ထက် နက်ရှိုင်း သော အသိဖြင့် မေ့မရသူများ ရှိခဲ့ပါသည်။ ထိုသူတို့မှာ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို နှလုံးသွေးဖြင့်ရေးခဲ့သူများ ဖြစ်သည်။

 

မည်သို့သောပုဂ္ဂိုလ်များဖြစ်မည်နည်း။ မိမိတိုင်းပြည်နှင့် လူမျိုးများ၏ အကျိုးစီးပွားအတွက် လုပ်သင့် လုပ်ထိုက်သည့် အလုပ်ကို ရဲရဲရင့်ရင့်၊ ယုံယုံကြည်ကြည် လုပ်ကိုင်ဆောင်ရွက်ရင်း အသက်ကို စွန့်လွှတ်ခဲ့ကြသူများဖြစ်သည်။ကွယ်လွန်သူ ကျွန်တော့်ဖေဖေပြောခဲ့တဲ့ “စွန့်လွှတ် စွန့်စားသွားကြတဲ့ သူတွေရဲ့ ကျေးဇူး” ဆိုတာ “အာဇာနည်” ပုဂ္ဂိုလ်တွေကို ရည်òန်းမှန်း ကျွန်တော်သိပါသည်။ “အာဇာ နည်” ဆိုတာဟာ အကြောင်းကျိုး၊ အမှားအမှန်ကို ဝေဖန် တတ်သူ၊ အမှန်တရားအတွက် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိ လုပ်ကိုင်ဆောင်ရွက်တတ်သူ၊ ဟုတ်တယ်နော်...ဖေဖေ။ ကွယ်လွန် သွားရှာပြီဖြစ်တဲ့ လွတ်လပ်ရေးမော်ကွန်းဝင် ဇနီးမောင်နှံ ကျေးဇူးရှင်ဖေဖေနဲ့ မေမေတို့ရဲ့စကားလေး တွေ ကို မကြာမီရောက်ရှိတော့မည့် (၇၂) နှစ်မြောက် အာဇာနည် နေ့လိုမျိုး၊ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့လိုမျိုးတွေမှာ၊ သတင်းစာ ဆရာတစ်ယောက်ရဲ့ သားပီပီပြန်လည်မျှဝေသွား မှာပါ...ဖေဖေ။

 

လွတ်လပ်ခြင်းရဲ့ တန်ဖိုး

 

“လွတ်လပ်ရေး” ဆိုတဲ့ စကားလုံးသုံးလုံးကိုရေးပြရုံ၊ ဖတ်ပြရုံသက်သက်ဆိုရင်တော့ ခက်ခဲတဲ့အရာ မဟုတ်ဘူးသား၊ ဒါပေမယ့် လက်ဝယ်ရရှိပိုင်ဆိုင်ဖို့ ကြိုးစားအားထုတ်ရတဲ့အခါမှာတော့ ခက်ခဲ ကြမ်းတမ်းတယ်။ မြှုပ်နှံခဲ့ရတဲ့ အရင်းအနှီးဟာ ကြီးမားတယ်။ လွတ်လပ်ရေးကို ပုံပမာနှိုင်းပြ ရရင် လေနဲ့တူသလို၊ ရေနဲ့လည်းတူတယ်သား။ တစ်ခါကျန်းမာရေးနဲ့လည်း တူတယ်သား။ လေကို အလွယ်တကူ ရှူရှိုက်ခွင့်ရနေတုန်း၊ ရေကိုအလွယ်တကူ အသုံးပြုခွင့်ရနေတုန်း၊ ကျန်းမာတုန်း ပျော်ရွှင်စွာနေရတုန်းက အရေးမထားမိပေမယ့်၊ လေမရလို့ အသက်ရှူကျပ်တဲ့အခါ၊ ရေမရလို့ ရေငတ်တဲ့အခါ၊ မကျန်းမာလို့ မသွားနိုင်မလာနိုင်တဲ့အခါ၊ အဲ့ဒီတော့မှ သူတို့ရဲ့တန်ဖိုးကို သိလာကြ တယ်။ ဘာနဲ့မှ အစားထိုးလို့မရမှန်း၊ ကိုယ်တွေ့ ကြုံမှယုံလာကြတယ်။ ဒီလိုပါပဲ လွတ်လပ်ရေးဆိုတာ ဟာလည်း လွတ်လပ်နေချိန်မှာလွတ်လပ် ခြင်းရဲ့ အရသာနဲ့ တန်ဖိုးကိုမသိကြပေမယ့်၊ လွတ်လပ်ရေး ဆုံးရှုံးမှသာ လွတ်လပ်ခြင်းရဲ့ အရသာနဲ့ တန်ဖိုးကို ကောင်းစွာ သိမြင်လာကြတယ်သား။ ဒါကြောင့် မလွတ်လပ်တဲ့ဘဝကို ရောက်ခဲ့ဖူးသူတိုင်းဟာ နောင်တစ်ကြိမ် အဲဒီလိုဘဝမျိုး ပြန်မရောက်ချင်ကြဘူး။ သူ့ကျွန်ဖြစ်ခဲ့ပြီး နယ်ချဲ့ရဲ့ဖိနှိပ်မှု၊ ဖက်ဆစ်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခါးသီးစွာ ခံစားရပြီးဖြစ်လို့ လွတ်လပ်ခြင်းရဲ့ တန်ဖိုးကို ဖေဖေတို့လူမျိုး တွေ ကောင်းကောင်းသိတယ်...သား။ လက်ဝယ်ရရှိပြီး ဖြစ်တဲ့ လွတ်လပ်ရေးကြီး ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်း နိုင်ဖို့ဆိုရင်တော့ ပြည်သူတွေအားလုံးဟာ လွတ်လပ်ရေးနဲ့ ထိုက်တန်အောင် နေတတ်ရမယ်၊ စည်းနဲ့ကမ်းနဲ့ နေတတ် ရမယ်။ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာမယ့် ပြည်တွင်း ပြည်ပအဖျက်ရန်ကိုလည်း အမြဲတစေသတိထားပြီး ရှင်းလင်းသုတ်သင်နေရမယ်သား။

 

အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသွားကြတဲ့ သူတို့တွေရဲ့ ကျေးဇူးကို သတိရနေရမယ်။ ချစ်မြတ်နိုးနေရမယ်။ တန်ဖိုးထားလေးစားနေရမယ်။ သူတို့အသက်နဲ့လဲပြီး ရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို ဖေဖေတို့ သားတို့ကလည်း အသက် နဲ့လဲပြီး ကာကွယ်စောင့်ရှောက်နိုင်ရ မယ်...သား။ လွန်ခဲ့သော ၃၅ နှစ်ကျော်က ဖေဖေကျွန်တော့်ကို ပြောပြခဲ့တဲ့ စကား တွေပါ။ အမြဲတမ်း မှတ်သားလိုက်နာနေမှာပါ။ ကျေးဇူးရှင် မိဘနှစ်ပါးရဲ့ လွတ်လပ်ရေးအတွက် လှုပ်ရှားမှုတွေကို ဒီလို နေ့မျိုး ရောက်လာတိုင်း မနေ့တစ်နေ့ကလိုပဲ ခံစားရပါတယ်။

 

နိုင်ငံတိုင်းတွင် မိမိတို့၏ သမိုင်းတစ်ဆင့်မြှင့်ကြပြီ ဆိုလျှင် အာဇာနည်ပုဂ္ဂိုလ်တို့နှင့် စတေးရစမြဲဖြစ်ပေ သည်။ အမေရိကန်ပြည်ထောင်စု မပြိုကွဲရေးနှင့် ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းရေး ကြိုးပမ်းမှုတွင်လည်း သမ္မတကြီးအီဗရာဟင် လင်ကွန်းလုပ်ကြံခံခဲ့ရပါသည်။ အိုင်ယာလန်နိုင်ငံ၏ အမျိုးသား လွတ်မြောက် ရေး တိုက်ပွဲအောင်မြင်နေချိန်တွင်လည်း သစ္စာဖောက်လူယုတ်မာတို့၏ လက်ချက်ဖြင့် အမျိုးသား ခေါင်းဆောင် မိုက်ကယ်ကောလင်း အသတ်ခံရပါသည်။

 

အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး မဟတ္တမဂန္ဒီသည် လည်း အစွန်းရောက်လူသတ်သမားတို့၏ ပစ်ခတ်မှုကြောင့် အသက်စွန့်ခဲ့ရပါသည်။ ထာဝစဉ် နှမြောတသနေကြရမည့် ပုဂ္ဂိုလ်များပင် ဖြစ်ပေသည်။

 

တိုင်းပြည်အတွက်သာကြည့်သည့် ဗိုလ်ချုပ်

 

ထို့အတူ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရဖို့ လပိုင်း မျှသာလိုတော့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံးဝင်းအတွင်း အစိုးရအဖွဲ့ဝင်လူကြီးများ အစည်းအဝေး ပြုလုပ်နေစဉ် မသမာသူ လူသတ်သမားတို့၏ ရက်ရက်စက်စက်ပစ်ခတ်မှုဖြင့် လုပ်ကြံခံခဲ့ရပါသည်။ ထိုစဉ်က လွတ်လပ်ရေးဗိသုကာကြီးအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဝန်ကြီးများ ဖြစ်ကြသည့် သခင်မြ၊ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်တို့နဲ့အတူ အတွင်းဝန် ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး တို့ အစုလိုက်၊ အပြုံလိုက် အသက်ပေးခဲ့ကြရသည်၊ ကြွေလွင့်ကြရရှာပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် အသက် (၁၇) နှစ် အရွယ် ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ် ကျောင်းသားဖြစ်နေပြီး အသက် (၃၂) နှစ်အရွယ် ၁၉၄၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။ တက္ကသိုလ်ရောက်ချိန်မှ ကျဆုံးချိန်အထိ ၁၅ နှစ်ကာလအတွင်း မြန်မာ့လွတ်လပ်ရေးအတွက် မနားမနေ လုပ်ကိုင်ခဲ့သူဖြစ်သည်။ လူငယ်လူရွယ် တစ်ယောက် ဖြစ်နေသော်လည်း အပျော်အပါးနောက်မလိုက်ဘဲ ကိုယ်ကျိုးတွက် သူမကြည့်၊ ဘယ်အဆင့် ဘယ်နေရာရောက်မှ ဆိုသည် မှာ သူ့အတွက်ဘာမှမဟုတ်၊ တိုင်းပြည်အတွက်၊ ပြည်သူ အတွက်သာ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းခဲ့သူ။ ထို့ကြောင့်လည်း ကမ္ဘာပေါ်တွင် အသက် အငယ်ဆုံး အမျိုးသားခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ရပါသည်။

 

သူတည်ထောင်ခဲ့သည့် မြန်မာ့တပ်မတော်ဆိုတာဟာ မြန်မာပြည်သူတို့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက် ရေးတိုက်ပွဲကြားမှ ပေါက်ဖွားလာခြင်း ဖြစ်ပေသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဂျပန်ပြည်သို့ စစ်ပညာ သင်ရန်သွားရောက်ခဲ့ စဉ်ကစလို့ သန္ဓေတည်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၄၂ ခုနှစ်တွင် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များ ဂျပန်နဲ့အတူ မြန်မာနိုင်ငံအတွင်းသို့ ဗမာ့လွတ်လပ်ရေးတပ်မတော်အဖြစ် ဖွဲ့စည်းရန် ဝင်ရောက်လာခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြောင့် အင်္ဂလိပ်နယ်ချဲ့များ မြန်မာ့ မြေမှ ဆုတ်ခွာချိန် ဖက်ဆစ်ဂျပန်များက မြန်မာပြည်ကို အတုအယောင်လွတ်လပ်ရေး ကြေညာပေးခဲ့ပါသည်။ နှိပ်စက်ခံရခြင်း၊ ဘာသာသာသနာ ဖျက်ဆီးခံရခြင်းတို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းမှ ဗမာ့လွတ်လပ် ရေးတပ်မတော်ကို ဗမာ့ကာကွယ် ရေး တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၄၇ ခုနှစ် မတ်လ၂၇ရက်နေ့မှာတော့ တပ်မတော်နဲ့ ပြည်သူပူးပေါင်းပြီး ရရာလက်နက်စွဲကိုင်ကာ တော်လှန် တိုက်ခိုက်ကြပါသည်။ တော်လှန်ရေးနှင့် တပ်မတော်သည်ခွဲခြား၍မရ၊ တစ်သားတည်းသာ ဖြစ်ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးတိုက်ပွဲများမှ တပ်မတော်ကို မွေးဖွားပေးခဲ့ ပါသည်။ တသီးတခြား ရှင်သန်ရပ်တည်နေသည့် အဖွဲ့အစည်း မဟုတ်ပါ။ ပြည်သူတို့ ကြားမှ ပေါက်ဖွားကာ ပြည်သူများ၏ သားသမီးများဖြင့် ဖွဲ့စည်းထားသည်သာဖြစ်ပါသည်။

 

ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ (၅.၄.၁၉၄၇) ရက်နေ့ ရေဒီယိုအသံလွှင့် မိန့်ခွန်းနှင့် (၁၃.၇.၁၉၄၇) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သှူအစည်းအဝေးကြီးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများ သည် ရှေ့အနာဂတ်တွင် ကြုံတွေ့ နိုင်မည့် ကြုံတွေ့ရမည့် အခြေအနေများကို သတိပေးနေသလို ခံစားမိပါသည်။ “ကျွန်တော်တို့ ပြောကောင်းရုံလေးအတွက် ကြိုးပမ်းနေကြတာ မဟုတ်ဘူး၊ ခပ်တိုတိုပြောရရင် လူတန်း စေ့စေ့နေနိုင်အောင် လုပ်ပေးဖို့လွတ်လပ်ရေးအတွက် ကြိုးပမ်း နေကြတာ၊ အဲဒီတော့ လွတ်လပ်ပြီးတဲ့နောက် လူတန်းစေ့စေ့နေနိုင်ဖို့ အလုပ်တွေကို မလုပ်ရဘဲ ကဖျက်ယဖျက် သမားတွေရဲ့ နှောင့်ယှက်မှုတွေကို တုံ့ပြန်နေရတာနဲ့သာ အချိန်ကုန်နေကြ မယ်ဆိုရင် လွတ်လပ်ရေး ရတာဟာ အဓိပ္ပာယ်ကို ရှိမှာ မဟုတ်ဘူး”။ “ခြင်္သေ့မင်းများဟာ တောကောင်ကို လိုက်တဲ့ နေရာမှာ ကြီးတာ၊ ငယ်တာ ပဓာနမထားဘဲနဲ့ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့နေရာမှာအဲ့ ဒီအတိုင်းပဲ လုံ့လ စိုက်သွားတယ်။ အဲဒီလို ထုံးအတိုင်းပဲ ကျွန်တော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့ တိုင်အောင် ကျွန်တော်တို့က ကြိုးစားမှု၊ အားထုတ်မှုကို လျှော့လိုမဖြစ်နိုင်ဘူး၊ လုံ့လဝီရိယကို လျှော့လို့မဖြစ်နိုင်ဘူး၊ ဆတက်ထမ်းပိုးသာ ကျွန်တော်တို့ လုပ်ဖို့လိုတယ်။

 

စည်းလုံးခြင်းသည် အင်အား

 

ဒါဟာ ဘာကိုရည်ရွယ်ပြီး ပြောနေသလဲ။ (၃၂)နှစ် အရွယ် လူလတ်ပိုင်း အမျိုးသားခေါင်းဆောင် တစ်ဦးရဲ့ အတွေး၊ အမြင်။ သူတွေးသလို၊ သူမြင်သလို မြင်တတ်ကြမယ်ဆိုရင် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးစိတ်ဓာတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်တွေဟာ နိုင်ငံတော်ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ဝင့်ထည်မြင့်မားရေးအတွက် အလွန်အရေးပါတယ် ဆိုတာကို ပြည်ထောင်စုဖွားတိုင်းရင်း သား အားလုံးအလေးထား မှတ်ယူကြပါ။ ဘဝကိုချစ်မြတ်နိုးလျှင် အချိန်ကို မဖြုန်းကြပါနှင့်။ ဘဝသက်တမ်းဆိုသည်မှာ အချိန်များနှင့် တည်ဆောက်ထားခြင်းဖြစ်လို့ အခြေအနေ၊ အချိန်အခါ အရ အယူဝါဒများ ပြောင်းလဲခြင်းများတွေ့တဲ့အခါ သမာဓိ မတည်၊ ရှေ့နောက်မညီလို့ ထင်မှတ်မှားတတ်ကြပါသည်။ တကယ်တော့ သမာဓိမတည်ခြင်းဟာ ကိုယ်ကျင့်တရား ဖောက်လွဲ ဖောက်ပြန်ခြင်းသာဖြစ်ပြီး ဝါဒပြောင်းမှုဟာ ဉာဏ်အမြင့်ရဲ့ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်၊ တိုးတက်ခြင်းသာဖြစ်ကြောင်း သိထားဖို့လိုပေသည်။

 

လှူလောကတွင် အယူဝါဒ အမျိုးမျိုးကို နားလည်ပေးခြင်း၊ လူများ၏ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို လေးစားစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းဟာ ယဉ်ကျေးမှုဖြစ်လို့ ဒီမို ကရေစီ၏ အနှစ်သာရလည်း ဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ကောင်းကျိုးဆိုးကျိုး၊ တိုးတက်မှုနှင့် ဆုတ်ယုတ် မှုများသည် တိုင်းရင်းသားလူမျိုးစုများ၏ စည်းလုံးညီညွတ်မှုပေါ်တွင် မူတည်၍ ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်၊ ဒေသစွဲ၊ ပါတီစွဲ၊ ဝါဒစွဲများ လွန်ကဲခြင်း၊ အစွန်းရောက်အတွေးအခေါ်များ ရှေ့တန်း တင်နေကြခြင်းများသည် နိုင်ငံတော်၏ ရှိရင်းစွဲ အင်အားကို လျော့နည်းစေပြီး နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံ ရေးနှင့် လူမှုရေးအခြေအနေများ၏ အဆင့်အတန်းများ နိမ့်ကျသွားနိုင်ပါကြောင်း သတိပြုမိကြဖို့ လိုပေသည်။

 

အစဉ်အလာ ဆိုသည်မှာ လူကထူထောင်ရသည့်အရာ ဖြစ်သလို အစဉ်အလာကြီးမားမှလည်း လူ၏တန်ဖိုးကြီးမား ပါမည်။ သို့ဖြစ်၍ တိုင်းရင်းသားလူမျိုးပေါင်းစုံမှ တက်ကြွနိုးကြားစွာ ကျင်းပလေ့ရှိ သည့် “အာဇာနည်နေ့” အခမ်းအနားကြီးကို ရင်ထဲအသဲထဲမှ ဂုဏ်ယူဝင့်ကြွားစွာကျင်းပ ဆောင်ရွက်လိုစိတ်များဖြင့် ကမ္ဘာတည်သရွေ့ ကျင်းပကြရပါမည်။သို့ပါ၍ ကျွန်တော်တို့ ပြည်သူများ အားလုံး အရင်ဆုံး ပြုလုပ်ရမည်မှာ “အဓိပ္ပါယ်မဲ့နေသော လုပ်ငန်းများကို ရပ်ကြပါ။ အမှန်တကယ် အစမှပြန်ပြုပြင်သင့်သော အရာများအပေါ် အာရုံစူးစိုက်ပါ” စည်းလုံးခြင်းသည်အင်အား လွတ်လပ်ရေး ကို ကာကွယ်ကြပါလို့ တိုက်တွန်းလိုပါသည်။

 

ကျွန်တော်တို့ လေးစားအားကိုးခဲ့ရသော အာဇာနည်များက သမိုင်းကို နှလုံးသွေးဖြင့် ရေးခဲ့ကြပါသည်။ ကျွန်တော် တို့ပြည်သူတွေ အားလုံးက မျက်ရည်နှင့် ရေး၍မဖြစ်၊ ချွေးနှင့် ရေးရမည်ဖြစ်ပါကြောင်း (၇၂) နှစ်မြောက် “အာဇာနည်နေ့”ကို အထိမ်းအမှတ်ပြုရေးသားတင်ပြလိုက်ပါသည်။