နမ့်စန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

နမ့်စန်(တ) စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက် ၈  နာရီခွဲမှစတင် အ.ထ.က (နမ့်စန်)၊ အ.ထ.က(မြို့မ) နှင့် အ.လ.က-ခွဲ (၃-ရပ်ကွက်) ကျောင်းတို့တွင် စုရပ်နေရာများသတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းလုပ်ငန်းများကို စုရပ်အလိုက် စနစ်တကျ ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုကူညီရေး အသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည်။

နမ့်စန်မြို့တွင် ဇူလိုင်လအတွင်း၌ လူဦးရေ ၃၀၀၀ ကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဩဂုတ် ၃၁ ရက်အထိ  မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စုများမှ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ အပါအဝင် ဦးစားပေးအဆင့်အလိုက် စုစုပေါင်း ၁၆၄၇ ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကို ဦးစားပေး သတ်မှတ်ချက်အလိုက် နေ့စဉ်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုး အစီအစဉ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများထံ အသိပေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)