နမီးဘီးယားနိုင်ငံ၌ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးစီမံချက် စတင်ဆောင်ရွက်

ဝင်ဒေါ့စ် ဇွန် ၇

 

နမီးဘီးယားနိုင်ငံ၌ တောရိုင်းတိရစ္ဆာန်နှင့် လူသားများအကြား ပဋိပက္ခများလျှော့ချရေးနှင့် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ မှုခင်းများ လျှော့ချရေးတို့အတွက် ဇွန် ၆ ရက်က တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးစီမံချက်တစ်ရပ် ချမှတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ။

 

ယခုစီမံချက်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ တောရိုင်းတိရစ္ဆာန်များမှတစ်ဆင့် ဖြစ်ပွားနိုင်သည့် မှုခင်းများနှင့် ပဋိပက္ခများကို လျှော့ချခြင်းဖြင့် ကျေးလက်ဒေသများ၌ အကျိုးကျေးဇူးရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းပဋိပက္ခများနှင့် မှုခင်းများသည် သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်ရာဒေသများရှိ ဒေသခံများ၏ နေထိုင် လုပ်ကိုင်စားသောက်မှုများကို ထိခိုက်လာနိုင်ကြောင်း နမီးဘီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ပိုဟန်ဗာရှီဖီတာက အဆိုပါစီမံချက် စတင်သည့်အခမ်း အနားတွင် ပြောကြားသည်။

 

ယခုဆောင်ရွက်မည့်စီမံချက်အရ လူသားနှင့် တောရိုင်းတိရစ္ဆာန်များအကြား ပဋိပက္ခဖြစ်ပွားမှုများ လျှော့ချရန်နှင့် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ မှုခင်းများလျှော့ချနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်ကောင်ရေ မလျော့ကျစေရေး အပါအဝင် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ စီးပွားရေး တစ်ရပ်တည်ထောင်ပြီး လူသားများနှင့် တောရိုင်း တိရစ္ဆာန်များအကြား သဟဇာတဖြစ်စွာ ပူးပေါင်း နေထိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဆောင်ရွက်မည့် အဆိုပါ စီမံချက်အား ရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၆ ဒသမ ၂ သန်း ကျခံသုံးစွဲမည်ဖြစ်သည်။ အဆိုပါ စီမံချက်အတွင်း တောရိုင်းတိရစ္ဆာန်ဆိုင်ရာ အသိပညာများ မျှဝေခြင်း၊ တာဝန်ရှိသူများအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် တောရိုင်းတိရစ္ဆာန် ဆိုင်ရာ စောင့်ကြည့်မှုလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ