နမ့်ခမ်းမြို့နယ် ကျေးရွာသုံးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်း ဖောက်လုပ်ပေးသွားမည်

နမ့်ခမ်း ဧပြီ ၁၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ် ၂၀၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၅ သန်းအသုံးပြု၍ ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

နမ့်ခမ်းမြို့နယ်အတွင်းရှိ မန်မိုင်ကျေးရွာ၌ ကုန်ထုတ်လမ်း တစ်မိုင်ဖောက်လုပ်ခြင်း၊ ကောင်းနောင်ကျေးရွာ၌ ကုန်ထုတ်လမ်း တစ်မိုင်ဖောက်လုပ်ခြင်းနှင့် ကောင်းဝိန်ကျေးရွာ၌ ကုန်ထုတ်လမ်း ၅ ဖာလုံ ဖောက်လုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် ၁၀၅ သန်းဖြင့် ဖောက်လုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်မိုးက ပြောပြသည်။

 

အဆိုပါကျေးရွာသုံးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၂၂၈ အိမ်၊ လူဦးရေ ၁၂၁၉ ဦးတို့၏ ကျေးလက် လယ်ယာထုတ်ကုန်ဧက ၄၅၀ ကျော်တို့၏ လယ်ယာထုတ်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မှာဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးများ ကောင်းမွန်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်မိုးက ဆက်လက်ပြောပြသည်။

 

စိုးမိုးကျော်