နမ္မတီးမြို့အဝင်၌ မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်

မိုးကောင်း  ၂၉   ဇွန်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီး နမ္မတီးမြို့အဝင်၌ ယနေ့မွန်းလွဲပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနား - ရွှေဘို ပြည်ထောင်စု လမ်းမကြီးအတိုင်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စုနေ ဦးဆန်းဝင်းအောင် (၃၇ နှစ်) မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးမင်းအောင် လိုက်ပါလာသည့် လိုက်ထရပ်အမျိုးအစား မော်တော်ယာဉ်သည် မြစ်ကြီးနားဘက်မှ မောင်းနှင်လာစဉ် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့အဝင် ကျောက်တောင်အနီး အရောက်တွင် အရှိန်လွန်ကာ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ယာဉ်မောင်း ဦးဆန်းဝင်းအောင်အား ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် နမ္မတီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)