နမ္မတီး၌ ဆိုင်ကယ်ပျောက်ဆုံးမှု စုံစမ်းဖော်ထုတ်ရာမှ ဆိုင်ကယ်ခုနစ်စီး သိမ်းဆည်းရမိ

နမ္မတီး ၁၁ မတ် 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့၌ မတ် ၁၀ ရက် နံနက် ၁၀ နာရီခွဲက ဆိုင်ကယ်ပျောက်ဆုံးသူတစ်ဦး၏ တိုင်တန်းမှုအား စုံစမ်းဖော်ထုတ်ရာမှ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်အပါအဝင် ဆိုင်ကယ်ခုနစ်စီး ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လွန်းအောင်ထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့ ကျွန်းတော်ရပ်ကွက်နေ တောင်သူတစ်ဦးမှ မိုးကောင်းမြို့ အထက်ရှမ်းစုကျေးရွာအနီးရှိ ယာခင်းတွင် ဆိုင်ကယ်ရပ်တန့်၍ ပဲနှုတ်နေစဉ် ရပ်တန့်ထားသည့်ဆိုင်ကယ်မှာ ပျောက်ဆုံးသွား၍ နမ္မတီးနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။

အဆိုပါဆိုင်ကယ် ပျောက်ဆုံးမှုအား နမ္မတီးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လွန်းအောင် ဦးစီးရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ နမ္မတီးမြို့၊ မြို့ဦးရပ်ကွက်ရှိ ဆိုင်ကယ်များ တရားမဝင်ပေါင်နှံရောင်းချနေသူ ချစ်ဦး(၃၀)နှစ်၏ နေအိမ်အား ရှောင်တခင် ဝင်ရောက်ရှာဖွေစစ်ဆေးရာ ယာခင်းတွင် ပျောက်ဆုံးသွားသည့် HIANBO-125 အပြာရောင် ဆိုင်ကယ်အပါအဝင် ဆိုင်ကယ်မျိုးစုံ ခုနစ်စီးအား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အထောက်အထားမဲ့ ဆိုင်ကယ်ခုနစ်စီးနှင့်အတူ တွေ့ရှိရသူ ချစ်ဦးအား နမ္မတီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)