နှမ်းနှင့် ပဲတီစိမ်း အကန့်လိုက်စိုက်ပျိုးနည်း စနစ်ဆောင်ရွက်ထားရှိမှု စိုက်ပျိုးနည်းပညာပေးဝန်ထမ်းများ လာရောက်လေ့လာ 


နေပြည်တော် ဇွန် ၁
ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ စံပြစိုက်ကွင်း၌ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ထားသည့် ဘောင်ကြီးတင်စနစ်အပါအဝင် နှမ်းသီးနှံ စိုက်စနစ် (၄) မျိုး စမ်းသပ်စိုက်ပျိုးထားရှိမှု၊ နှမ်းနှင့် ပဲတီစိမ်း အကန့်လိုက်စိုက်ပျိုးနည်း စနစ်ဆောင်ရွက်ထားရှိမှုကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းမှ စိုက်ပျိုးနည်းပညာပေးဝန်ထမ်းများ လာရောက်လေ့လာကြသည်။
ထိုသို့ ကြည့်ရှုလေ့လာစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နှမ်းမျိုးဗီဇအလိုက် မြေပြုပြင်ထွန်ယက်သည်မှ ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်များနှင့် မိုးကြီးစွာရွာသွန်းခြင်းကြောင့် နှမ်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုကို ထိရောက်စွာကာကွယ်နိုင်သည့် ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်ဆိုင်ရာ ဆောင်ရွက်ဖွယ်ရာများ၊ ဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်သည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသော စိုက်နည်းစနစ်ဖြစ်မှု၊ မြေပဲ၊ နှမ်း ပဲတီစိမ်း၊ နေကြာနှင့် ကျန်ရှိသည့် မိုးသီးနှံများတွင် ယင်းစနစ်ကိုကျင့်သုံးလာစေရေး နည်းပညာပေးရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
အဆိုပါ နည်းပညာပေးစံပြစိုက်ကွင်းတွင် (ဆင်းရတနာ - ၃) နှမ်းမျိုးနှင့် (ဆင်းရတနာ - ၁၄) ပဲတီစိမ်းမျိုးတို့ကို အကန့်လိုက်စိုက်ပျိုးခြင်း၊ ဘောင်ဖော်ပြီး လက်သုံးမျိုးစေ့ချကိရိယာဖြင့် နှမ်းစိုက်ပျိုးခြင်း၊ ထွန်စက်ဖြင့် ဘောင်ဖော်ပြီး စက်ကိရိယာအသုံးပြု၍ စိုက်ပျိုးခြင်း၊ ကြဲပက်ပြီး ဘောင်ဖော်စိုက်ပျိုးခြင်းနှင့် ဘောင်ဖော်ပြီး ကြဲပက်စိုက်ပျိုးခြင်း မျိုးစေ့ချစနစ် (၄) မျိုးကို စမ်းသပ်စိုက်ပျိုးထားရာ မေလနောက်ဆုံးပတ်တွင် မုန်တိုင်းမိုးရွာသွန်းခဲ့သော်လည်း နှမ်းများ လုံးဝထိခိုက်မှုမရှိဘဲ ရှင်သန်ဖြစ်ထွန်းနေကြောင်း၊ ဘောင်ကြီးတင်စနစ်သည် မိုးများလျှင် ရေထုတ်နိုင်ခြင်း၊ ရေလိုလျှင် အပင်ခြေရေမဝပ်အောင် ရေသွင်း၍ရခြင်း၊ မိုးနည်းပါးသော နေရာများတွင် မြောင်းအတွင်းရေလှောင်ထားနိုင်ခြင်းစသည့် အကျိုးကျေးဇူး ရရှိနိုင်သည့်အပြင် အပင်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို အလွယ်တကူ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည့် အစေ့ထုတ်ပြောင်းသီးနှံတွင် (Fall armyworm - FAW) ဖောငမြှောင်တောင်ဖျက်ပိုး ကာကွယ်နှိမ်နင်းခြင်းနှင့် အစေ့ထုတ်ပြောင်းသီးနှံ မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများတွင် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများ ဆွေးနွေးပွဲသို့တက်ရောက်၍ ဖောငမြှောင် တောင်ဖျက်ပိုးအပါအဝင် သီးနှံပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာနည်းပညာများ၊ သီးနှံဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို အွန်လိုင်းမီဒီယာများတွင် စနစ်တကျ ရှာဖွေလေ့လာ အသုံးပြုနိုင်မှုကို လက်တွေ့အသုံးပြု ပြသရှင်းလင်း ဆွေးနွေးပြီး၊ တောင်သူနည်းပညာပေး လယ်ယာရုပ်သံများကို လက်ကိုင်ဖုန်း အသုံးပြုရိုက်ကူး ထုတ်လွှင့်ခြင်းအပြင် တောင်သူတစ်ဦးချင်းထံမှ ကောင်းမွန်သော အလေ့အကျင့်များကို တိုးတက်ပြောင်းလဲလာသော ခေတ်မီဆက်သွယ်ရေး နည်းပညာများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရေး၊ တောင်သူများ အကျွမ်းတဝင် သုံးစွဲနိုင်စေရေးတို့အတွက် စိုက်ပျိုးနည်းပညာဖြန့်ဝေပေးရန် လိုအပ်ကြောင်း မှာကြားသည်။ 
ဆက်လက်၍ သီးနှံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက အစေ့ထုတ်ပြောင်းသီးနှံတွင် (Fall armyworm - FAW) ငမြှောင်တောင်ဖျက်ပိုး ကာကွယ်နှိမ်နင်းနည်းနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး တောင်သူများ၏ အတွေ့အကြုံများတင်ပြခြင်း၊ သိရှိလိုသည်များ မေးမြန်းခြင်းအပေါ် ဒုတိယဝန်ကြီးနှင့် ပညာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်