နည်းစနစ်ဒါရိုက်တာအသစ်ကို လာမည့်နှစ်တွင် ခန့်အပ်နိုင်ရန် ဆောင်ရွက်နေ

၁၂ ဒီဇင်ဘာ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နည်းစနစ်ဒါရိုက်တာအသစ်ကို လာမည့်နှစ်တွင် ခန့်အပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပဏာမအဆင့်ရွေးချယ်ထားသူ သုံးဦးအနက် တစ်ဦးအား ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နည်းစနစ်ဒါရိုက်တာသစ် ခန့်အပ်နိုင်ရန် ယခုနှစ်လယ်ပိုင်းကတည်းက ကြိုးပမ်းနေခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။ 

နည်းစနစ်ဒါရိုက်တာရာထူးအတွက် လျှောက်ထားသူများအနက် ဂျာမနီ၊ နယ်သာလန်နှင့် သြစတြေးလျနိုင်ငံသား တစ်ဦးစီကို ပဏာမအဆင့်ရွေးချယ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ မေးမြန်းကာ သင့်တော်မည့်သူကို ရွေးချယ်ခန့်အပ်သွားမည်ဖြစ်သည်။ 

နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံရသူသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပြီး အကယ်ဒမီကျောင်းများကိုလည်း တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နည်းစနစ်ဒါရိုက်တာကို လာမည့်နှစ်ဆန်းပိုင်းတွင် ခန့်အပ်နိုင်ရန် ကြိုးပမ်း လျက်ရှိပြီး လူငယ်ဘောလုံးပြိုင်ပွဲများနှင့် Grassroot  အစီအစဉ်များကို တိုးမြင့်ကျင်းပသွားမည်ဖြစ် သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် နည်းစနစ်ဒါရိုက်တာအဖြစ် ဘယ်လ်ဂျီယံ နိုင်ငံသား အဲရစ်အာဗရန်ကို ခန့်အပ်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် နှစ်ဦးသဘောတူလမ်းခွဲခဲ့ခြင်းဖြစ်သည်။

ညီမြတ်သော်တာ