နည်းစနစ်ဒါရိုက်တာအသစ်ကို လာမည့်နှစ်တွင် ခန့်အပ်နိုင်ရန် ဆောင်ရွက်နေ

၁၃  ဒီဇင်ဘာ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နည်းစနစ်ဒါရိုက်တာအသစ်ကို လာမည့်နှစ်တွင် ခန့်အပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပဏာမအဆင့် ရွေးချယ်ထားသူ သုံးဦးအနက် တစ်ဦးရွေးချယ်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နည်းစနစ်ဒါရိုက်တာသစ် ခန့်အပ်နိုင်ရန် ယခုနှစ်လယ်ပိုင်းကတည်းက ကြိုးပမ်းနေခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်။ နည်းစနစ်ဒါရိုက်တာရာထူးအတွက် လျှောက်ထားသူများအနက် ဂျာမနီ၊ နယ်သာလန်နှင့် သြစတြေးလျ နိုင်ငံသားတစ်ဦးစီကို ပဏာမအဆင့် ရွေးချယ်ထားပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမေးမြန်းကာ သင့်တော်မည့်သူကို ရွေးချယ် ခန့်အပ်သွားမည်ဖြစ်သည်။

 

နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံရသူသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများကို ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်ပြီး အကယ်ဒမီကျောင်းများကိုလည်း တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နည်းစနစ်ဒါရိုက်တာကို လာမည့်နှစ်ဆန်းပိုင်းတွင် ခန့်အပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး လူငယ်ဘောလုံးပြိုင်ပွဲများနှင့် Grassroot အစီအစဉ်များကို တိုးမြင့်ကျင်းပသွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် နည်းစနစ်ဒါရိုက်တာအဖြစ် ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်အာဗရန်ကို ခန့်အပ်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ