နည်းပညာဆိုင်ရာလုံခြုံရေးစိန်ခေါ်မှု

၁၇ မတ်

 

ယနေ့ကမ္ဘာကြီးတွင် နည်းပညာဆိုင်ရာစနစ်များ တစ်နေ့တခြား မြင့်မား တိုးတက်လာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ တို့တွင် အသစ်အသစ်တို့ နေ့စဉ်ဆန်းသစ်ဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့အတွက် ကောင်းကျိုးရော ဆိုးကျိုးပါ သက်ရောက်မှု ရှိလာသည်။ ယင်းတို့ကို သတိမူသောအားဖြင့် မကြာသေးမီကာလက ကြုံတွေ့နေရသည့် နည်းပညာဆိုင်ရာ လုံခြုံရေးပြဿနာများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရပါသည်။

 

တိုးတက်လာသော နည်းပညာများသည် လူမှုဘဝနယ်ပယ်များတွင် သာမက သမားရိုးကျလုံခြုံရေးဆိုင်ရာတို့တွင် စိန်ခေါ်မှုများရှိလာသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုမြောက်မြားစွာတို့နှင့် လည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

 

အထူးသဖြင့် စိန်ခေါ်မှုပုံစံသစ်ဖြစ်သည့် နည်းပညာဆိုင်ရာလုံခြုံရေး ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေ၌ သမားရိုးကျ လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အထူးသဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများမှတစ်ဆင့် လုံခြုံရေးဆိုင်ရာ ပြဿနာ များကို သတိထားနေရသည်။ ယင်းတို့ကိုအကြောင်းပြု၍ ဒေသတွင်း၌ အကြမ်းဖက်မှုလုပ်ဆောင်ရန် ဝင်ရောက်လာသော အစွန်းရောက် အကြမ်းဖက်သမားအား သတိထားရသည်။

 

၄င်းအဖွဲ့အစည်းများအား အချိန်မီတားဆီးနိုင်ရေးအတွက် သတင်းအချက်အလက်များဖလှယ်ရန်နှင့် စဉ်ဆက်မပြတ် စောင့်ကြည့် နိုင်ရန် ဒေသတွင်းလုံခြုံရေး ထောက်လှမ်းရေးဆိုင်ရာအဖွဲ့အစည်း များက အထူးအလေးထားဆောင်ရွက်လျက်ရှိသဖြင့် ကျရောက်လာနိုင် သည့် အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်သည်။ ယခုအခါ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် အဘက်ဘက်တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည်ဟုသိရသည်။ ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ဒေသတွင်း နိုင်ငံများအတွင်း ကျရောက်လာနိုင်သည့်အန္တရာယ်များကို ကြိုတင် တားဆီးနိုင်သဖြင့် မတူကွဲပြားသော ပြည်သူများအား စောင့်ရှောက် ကာကွယ်ရာရောက်ပေသည်။

 

မတူကွဲပြားမှုများကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်း သည် အာဆီယံနိုင်ငံများ၏ ရည်မှန်းချက်ပင်ဖြစ်သည်။ ထိုသို့ကောင်းမြတ် သည့်အစဉ်အလာများကို အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်းသာမက ဒေသတွင်းနိုင်ငံများနှင့်လည်း လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ အထက်ဖော်ပြပါကဲ့သို့ နိုင်ငံများတွင် မျက်မှောက်ကာလ ကြုံတွေ့နေရသောပြဿနာများ၌ နိုင်ငံဖြတ်ကျော်မှုကို အကြောင်းပြု ဖြစ်ပေါ်လာသော အန္တရာယ်များတွင် နည်းပညာဆိုင်ရာလုံခြုံရေး ပြဿနာများမှာ စိန်ခေါ်မှုပုံစံသစ်များ ဖြစ်သည်။

 

မူးယစ်ဆေးဝါးမှု၊ တရားမဝင်ကုန်သွယ်မှု၊ လူကုန်ကူးမှုတို့ကဲ့သို့ သမားရိုးကျပြဿနာများအပြင် သမားရိုးကျမဟုတ်သော အကြမ်းဖက် တိုက်ခိုက်မှုနှင့်ဆက်စပ်သော၊ အစွန်းရောက်အကြမ်းဖက်သမားများနှင့် ပတ်သက်သော ပြဿနာများတွင် နည်းပညာဆိုင်ရာလုံခြုံရေးပြဿနာများရှိလာသဖြင့် ထိုပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နိုင်ငံ အချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားပေးထောက်ခံ ရမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကောင်းမွန်သော အကျိုး ရလဒ်ကောင်းများကို ပေါ်ထွက်စေသဖြင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။

 

ပူးပေါင်းဆောင်ရွက်ခြင်းသည် ယုံကြည်မှုကိုဖြစ်စေပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမို၍ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ခြင်းဖြင့် စိန်ခေါ်မှုပုံစံသစ်ဖြစ်သည့် နည်းပညာဆိုင်ရာ လုံခြုံရေးပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားပြီး ဒေသတွင်း လုံခြုံအေးချမ်းမှု နှင့်ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည် ပါသည်။ ။

 

ကြေးမုံ