နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ-တရုတ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

                                      
နေပြည်တော် မေ ၉
အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat)၊ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကော်မတီ (ASEAN COSTI) တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် “နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ-တရုတ် အလုပ်ရုံဆွေးနွေးပွဲ   ( ASEAN-China Workshop on Building Up Human Capital in Technology Transfer and Commercialization )” ကို မေ (၉) ရက်မှ (၁၀) ရက်အထိ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည်။  
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသည် အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (ASEAN-China Cooperation Fund-ACCF) ဖြင့် တက္ကသိုလ်များနှင့် သုတေသနဌာနများ၏ သုတေသနရလဒ်များအား ဓာတ်ခွဲခန်းအဆင့်မှ ဈေးကွက်တွင်စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားတွင်  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ သံမှူးကြီး Dr.ကျန်းကျီဟွန်းနှင့် အာဆီယံ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီဥက္ကဌ Dr. Hul Seingheng တို့က အဖွင့်မိန့်ခွန်းပြောကြား၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Satvinder Singh - က Video clip ဖြင့် အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားကြသည်။  
အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံတက္ကသိုလ်များ၊ ဆက်စပ်ဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ သုတေသနအဖွဲ့အစည်းများ၊ MSMEs လုပ်ငန်းရှင်များနှင့် တက္ကသိုလ်များအကြား နည်းပညာလွှဲပြောင်းရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ကျော်လွှားဖြေရှင်းနိုင်ရေးအမြင်များဖလှယ်ခြင်း၊ နည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာဈေးကွက် မြှင့်တင်နိုင်ခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတွင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စွန့်ဦးတီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမည့်နည်းလမ်းများ၊ စွန့်ဦးတီထွင်စီးပွားဂေဟစနစ်ဝန်းကျင်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုကွန်ရက်နှင့် အွန်လိုင်း-အပြန်အလှန် သင်ကြားသင်ယူမှုကို အသုံးပြု၍ သုတေသနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တက္ကသိုလ်များသို့ နည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်နိုင်မည့်နည်းလမ်းများအပေါ် တရုတ်နှင့် အာဆီယံနိုင်ငံ ကိုယ်စားလှယ်များက အုပ်စုအဖွဲ့လိုက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များ၏ ရလဒ်များကို  ရှေ့လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်