နည်းပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

ရန်ကုန် သြဂုတ် ၂၇

အရည်အသွေးပြည့်မီသော အင်ဂျင်နီယာပညာရှင်များ မွေးထုတ်နိုင်ရေး အလေးထားဆောင် ရွက်ရန်၊ ပြည်သူ့အကျိုးသယ်ပိုးနိုင်မည့် ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့လူငယ်ကောင်းများ ပျိုးထောင်ပေးရေး ကြိုးပမ်းဆောင်ရွက်ရန်၊ သုတေသနအခြေပြုတက္ကသိုလ်ဖြစ်လာစေရေး အလေး ပေးဆောင်ရွက်ရန် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို ကြည့်ရှုကာ ဆရာနှင့် ကျောင်းသားများ စာကြည့်တိုက်အသုံးပြုမှု ပိုမိုမြင့်မားလာစေရေး ဆောင်ရွက်ရန်၊ဘာသာရပ်ဆိုင်ရာ စာအုပ်များအပြင် သတင်းစာများ၊ သုတ/ရသ စာအုပ်များကို ပုံမှန်ဖြည့်ဆည်းထားရှိရန် မှာကြားပြီး စားသောက်ရေး အခြေအနေများ၊ စာပေဖတ်ရှု လေ့လာနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ကျောင်းသားဆောင်ဝန်းအတွင်း စိုက်ပျိုးထားသည့် သီးပင်၊ စားပင် စိုက်ခင်းများနှင့် ပင်မသုံးထပ် စာသင် ဆောင်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
 
မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်နှင့် ဝန်ထမ်းများက ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၊ စာကြည့်တိုက်နှင့် အလုပ်ရုံများသို့ ကြည့်ရှုစစ်ဆေးကာ MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာရှင်၊ ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ဆောင်ရွက်ရန်မှာကြားပြီး အဆောင်များ၌  ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို  မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်