ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာ ရိုးရာသောက်ရေအိုးလုပ်ငန်းများကြောင့် အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိ

 

ညောင်လေးပင် ၈ ဖေဖော်ဝါရီ

ညောင်လေးပင်မြို့နယ် ပုဇွန်ကျေးရွာတွင် ရှေးကတည်းက အိုးလုပ်ငန်းကိုဆောင်ရွက်ခဲ့ရာ ယနေ့အထိ အသက်မွေးဝမ်းကျောင်းပညာအဖြစ် တစ်ဆင့်အမွေခံကာ ထိန်းသိမ်းလာသည့်အတွက် အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလျက်ရှိကြောင်းသိရသည်။

အိုးလုပ်ငန်းတွင် အများဆုံးပြုလုပ်ရသည့် ပစ္စည်းများမှာ သောက်ရေအိုးနှင့် ရေတကောင်း၊ ခွက်ဝင်အိုး၊ စလယ်ဝင်အိုးများကို အများဆုံးပြုလုပ်ရောင်းချကြပြီး ပိုမိုထင်ရှားသည်မှာ သောက်ရေအိုးလုပ်ငန်းဖြစ်၍ ရိုးရိုးသောက်ရေအိုး တစ်အိုးလျှင် ကျပ်တစ်ထောင်မှ တစ်ထောင့်ငါးရာဈေးရှိပြီး ရေပိုက်ခေါင်းတပ်ဆင်ထားသောရေအိုးမှာ ကျပ်လေးထောင့်ငါးရာအထိ ဈေးရှိကြောင်း ပုဇွန်မြောင်းကျေးရွာ အလယ်ပိုင်းရပ်ကွက်မှ ဒေါ်ချောချော၏ ပြောကြားချက်အရ သိရသည်။

 

mdn

 

“အိုးပြုလုပ်တဲ့အခါမှာ စေးတဲ့မြေကို အသုံးပြုရပါတယ်။ ရွှံ့စေးမြေ အမည်ရောင်၊ အညိုရောင်၊ နီညိုရောင်နှင့် အဝါရောင်ဆိုပြီး လေးမျိုးခန့်ရှိတဲ့အထဲက အဝါရောင်သန်းသောမြေက အိုးအရောင်ပိုလှသောမြေဖြစ်တယ်။ အဲ့ဒီရွှံ့စေးမြေကို ရေစိမ်ပြီး တစ်ည သို့မဟုတ် နှစ်ည နှပ်ထားရပါတယ်။ ဒီလိုနှပ်ထားတဲ့ ရွှံ့စေးမြေကို မနုလွန်း မကြမ်းလွန်းတဲ့ သဲမြေနဲ့ သမအောင်ရော၍ အဝတ်ဖြင့် ဖုံးအုပ်ထားရပါတယ်။ နောက်တစ်နေ့မှာ စေးစေးပိုင်ပိုင်ဖြစ်လာအောင် ခြေနဲ့နင်းရပါတယ်။ မြေစေးလာပြီဆိုရင် ပြုလုပ်မယ့် အိုးအရွယ်အစားလိုက်၍ မြေကြီးကို အကြီး /အသေး မှန်းပြီး လုံးပေးကြရပါတယ်။ အဲ့ဒီမြေကြီးကို အိုးထိန်းစက်ပေါ်လှည့်ပြီး လိုရာ အိုးပုံသဏ္ဌာန်ပေါ်လာအောင် လက်ဖြင့်ထိန်းကာ ပုံဖော်ယူရပါတယ်။ ရတဲ့အိုးများကို ခြောက်မသွားခင် အိုးရိုက်တုတ်(လက်ခတ်)ဖြင့် မိမိလိုရာ ပုံသွင်း၊ ပန်းကွက်ဖော်ပြီး ခြောက်အောင်လှန်းကာ မီးဖုတ်ရပါတယ်” ဟု ဒေါ်ချောချောက ပြောဆိုသည်။

အဆိုပါဒေသထွက်အိုးများကို ညောင်လေးပင်၊ ရွှေကျင်၊ ကျောက်တံခါး၊ ဖြူး၊ တောင်ငူမြို့များနှင့် မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- ပိန်းဇလုပ်သိန်းညွန့် ၊ ရန်အောင်ထွန်း

mdn