ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာ၌ နွေရာသီကာလ သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပေးမည်

ညောင်လေးပင် မေ ၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၁၀၅ သန်းဖြင့် ကျေးရွာလေးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွာမည်ဖြစ်ကြောင်း ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။

ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် ထင်းကုန်း၊ ကံကလေး၊ စစ်ကုန်း၊ ပြင်ရေကြီး စသည့် ကျေးရွာလေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း လေးခုနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ၁၀၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းများအား လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင် ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ သောက်သုံးရေ  ရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက်နေပါတယ်။ နွေရာသီကာလ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူတွေအနေဖြင့် ရေရှားပါးမှုဖြစ်ပေါ်ပါက ဆက်သွယ်ရေးနည်းလမ်းမျိုးစုံဖြင့် အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်” ဟု မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က ဆက်လက်ပြောပြသည်။

သန်းလွင်(မကွေး)