ညောင်တုန်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

ညောင်တုန်း ၂၆ မေ      

        

ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းကော်မတီနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျေးလက်ဒေသရှိ  နှီးခမောက်လုပ်ငန်း ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ခြင်း၊ ချေးငွေများ ပေးအပ်ခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက ဝါးတောစွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ကုန်ထုတ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကို မောင်က ကျေးလက်ဒေသများတွင် အသေးစားလက်မှု လုပ်ငန်းရှင်များ အလုပ် အကိုင်များပိုမိုအဆင်ပြေစေရန်ရည်ရွယ်ပြီး ချေးငွေးများကို နှစ်စဉ်ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်း ရှင်များမှ ချေးငွေများကို ပြေကြေစွာ ပြန်လည် ပေးသွင်းနိုင်ခဲ့ခြင်းကြောင့် ဂုဏ်ပြု လက်ဆောင်ချီးမြှင့်ပေးရခြင်းနှင့် ချေးငွေ အသစ်များကို ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ကုန်ထုတ်လုပ်ငန်းကော်မတီ အတွင်းရေးမှူး စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်အေးအေးစီက စိုက်ပျိုးရေးနှင့် ပတ်သက်၍ ပိုးသတ်ဆေး၊ မြေသြဇာများကို စနစ်တကျ သုံးစွဲသင့်ပုံအကြောင်းကို ရှင်းလင်းပြော ကြားခဲ့သည်။

 

ယင်းနောက်မြို့နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းကော်မတီ အဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံသူကာကွယ်ရေးဥပဒေများအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ရင် အချက်အလက်များဖြင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်တင်တင်လှိုင်က သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အကြောင်း အသိပညာပေးဟောပြောခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသော နှီးခမောက်လုပ်ငန်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများက မုန်တိုင်းဘေး ပညာပေးနံရံကပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးစာစောင်များအား စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။

 

ဆက်လက်၍ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းကော်မတီနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့သည် ဉာဏ်အိုင်ကျေးရွာတွင် အသိပညာပေး ဟောခြင်းနှင့်  နှီးခမောက်လုပ်ငန်း ရှင်များအား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ခြင်း၊ ချေးငွေများကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ဝဠာနိုင်(ညောင်တုန်း)

 

ge received_6