ညောင်ဦးမြို့ ရွှေစည်းခုံစွယ်တော်မြတ် စေတီတော်ရင်ပြင်၌ သံဃာတော်အရှင်သူမြတ် ၁၀၈ ပါးအား ပင့်ဖိတ်၍ ဆွမ်းဆန်စိမ်း လောင်လှူပူဇော်ပွဲ ကျင်းပ


ညောင်ဦး၊ မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစွယ်တော်မြတ် စေတီတော်ရင်ပြင်၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်နှင့် (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အနေဖြင့် ယနေ့နံနက် ၆ နာရီက ပုဂံညောင်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်ကျောင်းအသီသီးမှ သံဃာတော်အရှင်သူမြတ် ၁၀၈ ပါးအား ပင့်ဖိတ်၍ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် စေတနာအလှူရှင်များ ပူးပေါင်းပြီး ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့‌ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်နှင့် ၂၀၂၃ ခုနှစ်၊ မေ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပင့်သံဃာတော်အရှင်သူမြတ် ၁၀၈ ပါးအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။ 

သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူအပြီးတွင် ညောင်ဦး ခရိုင်မီးသတ် ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင် ဦးဆောင်သော မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်‌ပြုသောအားဖြင့် ရွှေစည်းခုံစွယ်တော်မြတ် စေတီတော် ပရိဝုဏ်အတွင်းရှိ ဝေဇယန္တာပန်းခြံအတွင်း ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ လေးမျက်နှာ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ရောင်တော်ဖွင့်၍ ရေသပ္ပါယ်ခြင်း၊ ဗုဒ္ဓဘုရားရှင်အား ရည်မှန်း၍ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်း ပူဇော်ခြင်းတို့ကို ကုသိုလ်ပြု စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောသည်။ 
      
ရဲဝင်းနိုင် ( ညောင်ဦး)