ညောင်ဦးမြို့နယ် ပွဲတိုင်းကျေးရွာတွင် စက်ရေတွင်းချွတ်ယွင်းပျက်စီးမှုအား  ပြန်လည်ပြုပြင်ပေး

ညောင်ဦး        စက်တင်ဘာ       ၂၀

           

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် ပွဲတိုင်းကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေအတွက် မှီခိုအားထားရသည့် စက်ရေတွင်းမှာ ချွတ်ယွင်းပျက်စီးသွားသဖြင့် သောက်သုံးရေ အခက်ကြုံတွေ့နေကြောင်း သိရ၍ ယမန်နေ့က ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မာရိပ်သာကျောင်းတိုက်ဆရာတော် အရှင်သာဂရ ဦးဆောင်သော ဖြူစင်မေတ္တာ နှင့် သုမင်္ဂလာပရဟိတရေလှူအဖွဲ့က ချွတ်ယွင်းပျက်စီးသည့် စက်ရေတွင်းအား ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

           

ညောင်ဦးမြို့နယ် ပွဲတိုင်းကျေးရွာရှိ စက်ရေတွင်းသည် ဒေသခံကျေးလက်နေပြည်သူများအပြင် အနီးဝန်းကျင် တဲတိုက်များမှ စုစုပေါင်း အိမ်ထောင်စု ၂၀၀ ခန့်ရှိ လူဦးရေ ၁၀၀၀ ကျော်အတွက် သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိအောင် အကျိုးပြုပေးလျက်ရှိကြောင်း သိရကာ ယင်းစက်ရေတွင်းမှာ နှစ်ကာလကြာမြင့်မှုကြောင့် ပန့်နှင့် ရေပိုက်များ ချို့ယွင်းပျက်စီးခြင်း၊ အင်ဂျင်စက်များ မကောင်းမွန်တော့သဖြင့်  ဒေသခံပြည်သူများအတွက် သောက်သုံးရေအခက်ကြုံတွေ့ နေရကြောင်း သိရသည်။ 

           

ယမန်နေ့က ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် အရှင်သာဂရ ဦးဆောင်သော ဖြူစင် မေတ္တာနှင့် သုမင်္ဂလာပရဟိတရေလှူအဖွဲ့က ညောင်ဦးမြို့နယ် ပွဲတိုင်းကျေးရွာတွင် ချွတ်ယွင်းပျက်စီးနေသည့် စက်ရေတွင်းအား ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ဖျာပုံမြို့မှ အလှူရှင် ဆွေမျိုးသားချင်းတစ်စုက စက်ရေတွင်းပြုပြင်ရန်အတွက် အလှူငွေကျပ်(၂၅)သိန်း လှူဒါန်းပေးခဲ့ပြီး ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ စက်ရေတွင်းမှာ ကောင်းမွန်သွားပြီဖြစ်၍ ဒေသခံကျေးလက်နေပြည်သူများက သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိသဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် အရှင်သာဂရ ထံမှ သိရသည်။  

 

ရဲဝင်းနိုင်( ညောင်ဦး )