ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာနှင့် သုမင်္ဂလာပရဟိတရေလှူအသင်းက သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေပြည်သူများကို ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေး

ညောင်ဦး  ဒီဇင်ဘာ ၂၇

 

မန္တလေးတိုင်းဒသကြီး၊ ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာနှင့် သုမင်္ဂလာပရဟိတရေလှူအသင်းက ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ အခက်ကြုံနေသည့် ဒေသခံကျေးလက်နေပြည်သူများကို သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာနှင့် သုမင်္ဂလာပရဟိတ ရေလှူအသင်းမှ နာယကဆရာတော် ဦးသာဂရ ဦးဆောင်မှုဖြင့် ပရဟိတရေလှူအသင်းသားများက ညောင်ဦးမြို့နယ်  တောင်ဇင်းကျေးရွာအုပ်စု၊ ကောင်းပင်စည်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် သောက်သုံးရေဂါလန် ၃၂၀၀၊ ကွင်းကြီးတဲတိုက်ရှိ ဒေသခံပြည်သူများအတွက် သောက်သုံးရေဂါလန် ၃၂၀၀ ၊ စုစုပေါင်း သောက်သုံးရေဂါလန် ၆၄၀၀ ကို ပွင့်လင်းရာသီ ကာလ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပရဟိတရေလှူအသင်းမှ နာယကဆရာတော် ဦးသာဂရ က မိန့်ကြား၍ သိရသည်။    

 

ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာနှင့် သုမင်္ဂလာပရဟိတရေလှူအသင်းအနေဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်ကြုံနေသည့် ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ကျေးရွာနေပြည်သူများကို  သောက်သုံးရေအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် နေ့စဉ်သွားရောက်လှူဒါန်းပေးလျက်ရှိပြီး စေတနာအလှူရှင်များအနေဖြင့် ကုသိုလ်ပြု သောက်သုံးရေ ပါဝင်လှူဒါန်းလိုပါက ဖြူစင်မေတ္တာနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းနာယက ဆရာတော် ဦးသာဂရ ၊ ဖုန်း - ၀၉၂၀၄၂၅၀၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ 

 

 ရဲဝင်းနိုင် (ညောင်ဦး)