ညောင်ဦးမြို့နယ်၌ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူထံမှ စိတ်ကြွမူးယစ်ဆေးပြား ၁၃၄ ပြား ဖမ်းဆီးရမိ

ညောင်ဦး  ၁၈  မတ်      


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်နယ်မြေရဲကင်းစခန်းမှ မတ် ၁၇ ရက်  နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူ တစ်ဦးအား စိတ်ကြွမူးယစ်ဆေးပြား ၁၃၄ ပြား လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 


ဖြစ်စဉ်မှာ မတ် ၁၇ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မူးခင်းအကူ ဌာနစိတ်မှ ရဲအုပ်ကျော်ဝင်းနိုင် ဦးဆောင်၍ လက်ပံခြေပေါ်နယ်မြေရဲကင်းစခန်းမှ ဒုရဲအုပ် မင်းကြိုင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေအဖြစ် လက်ပံခြေပေါ်ကျေးရွာမှ ရာအိမ်မှူး ဦးမင်းမင်း၊ ဦးရှိန်းပိုင်တို့နှင့်အတူ ညောင်ဦးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ပြုလုပ်နေကြောင်း သတင်းအရ လက်ပံခြေပေါ်ကျေးရွာအနီး ညောင်ဦး - မြင်းခြံ ကားလမ်းဘေးရှိ ကျော်သုခ(၂) စားသောက်ဆိုင်ရှေ့တွင် အသင့်စောင့်ဆိုင်းနေစဉ် ၃၄ယ/ ----- Dayang – 110 အစိမ်းရောင်ဆိုင်ကယ် စီးနင်းလာသူ ထက်နိုင်ဇော်(ခ) ဖိုးသား အား သက်သေများနှင့် အတူ ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ တံဆိပ်မပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၃၄ ပြား ပါ အထုပ် ၁ ထုပ် ၊ တန်ဖိုးငွေကျပ် ၄၀၂၀ဝ၀ ခန့် ၊ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းရငွေ ၅၀ဝ၀ ကျပ်တန် တစ်ရွက် ၊ မူးယစ်ဆေးဝါးရောင်းဝယ်ပြုလုပ်ရာတွင် အသုံးပြု သည့် Redmi Note 3  အမျိုးအစား ရွှေရောင်ဖုန်းတစ်လုံး ၊ ၃၄ယ/ ------- Dayang – 110 အစိမ်းရောင် ဆိုင်ကယ်တစ်စီးနှင့် သော့တစ်ချောင်းတို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။ 


မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိသဖြင့် ၎င်းအား မေးမြန်းရာ မူးယစ်ဆေးဝါးများကို ပခုက္ကူမြို့၊ အဝေးပြေးကား ဂိတ်ရှေ့လမ်းပေါ်တွင် လွန်ခဲ့သော တစ်လခန့်မှစ၍ သိကျွမ်းသူ အမည်/နေရပ်လိပ်စာ မသိ အသက် ၃၅ နှစ်ခန့်ရှိထံမှ မတ် ၁၇ ရက်၊ နံနက် ၁၁ နာရီက တစ်ပြားလျှင် ငွေကျပ် ၂၀ဝ၀ ဖြင့် ဝယ်ယူခဲ့ကြောင်း စစ်ဆေးသိရှိခဲ့သည်။


အဆိုပါ စိတ်ကြွမူးယစ်ဆေးပြား ၁၃၄ ပြား လက်ဝယ်ဖမ်းဆီးရမိခဲ့သူ တရားခံ ထက်နိုင်ဇော်(ခ) ဖိုးသားအား ညောင်ဦးမြို့နယ် လက်ပံခြေပေါ်နယ်မြေရဲကင်းစခန်းမှ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်ထားရှိကြောင်း သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)