ညောင်ဦးမြို့နယ်တွင် မြေအောက်ရေအသုံးပြု ခြောက်လမာလကာ စိုက်ပျိုးတောင်သူများ စတင်စိုက်ပျိုးသည့်နှစ်မှာပင် အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

ညောင်ဦး ဇန်နဝါရီ ၂၅

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ မြေအောက်ရေအသုံးပြု ခြောက်လမာလကာစိုက်ပျိုးကြရာ စတင်စိုက်ပျိုးသည့်နှစ်မှာပင် အောင်မြင်ဖြစ်ထွန်းပြီး ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရရှိခြင်းကြောင့် ခြောက်လမာလကာစိုက်ပျိုး တောင်သူများ မိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ကျေးရွာများ၊ သစ်ထောင့်အုပ်စုကျေးရွာများနှင့် သူကောင်းတည်အုပ်စု ကျေးရွာတောင်သူများသည် မြေအောက်ရေတူးဖော်ကာ ရေစုပ်စက်များဖြင့် ရေစုပ်ယူပြီး စိုက်ပျိုးသည့် သီးနှံခင်းများအား ရေသွင်းစိုက်ပျိုးကြကြောင်း၊ နှစ်ရှည်သီးနှံပင်များ ရွေးချယ်စိုက်ပျိုးမှုများလာခဲ့ပြီး စိန်တစ်လုံးသရက်၊ ထိုင်ဝမ်သင်္ဘော၊ ထိုင်ဝမ်ပိန္နဲနှင့် ခြောက်လမာလကာများ စိုက်ပျိုးလာခဲ့ကြောင်း၊ ခြောက်လမာလကာ စတင်စိုက်ပျိုးစဉ်က မာလကာပျိုးပင်များအား ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာမှ ဝယ်ယူစိုက်ပျိုးခဲ့ကြောင်း၊ ၉ ပေပတ်လည် အကွာအဝေးတွင် ၁ ပေပတ်လည်ကျင်းတူးကာ သဘာဝသစ်ရွက်မြေဆွေး၊ နွားချေး၊ ဆိတ်ချေးများထည့်ပြီး မြေနှပ်ကာ ခြောက်လမာလကာများ စိုက်ပျိုးကြကြောင်း သိရသည်။

 

ခြောက်လမာလကာဟု ဆိုသော်လည်း သုံးလဖြင့် အပွင့်ပွင့် အသီးသီးကြောင်း၊ ခြောက်လကျော်အချိန် အပင်ထွားကြိုင်း သန်မာအောင် ပြုစုပျိုးထောင်ပြီး အပွင့်ပွင့်အသီးသီးသည့် မာလကာသီးသာ ရောင်းတန်းဝင်၊ ဈေးကွက်လှကြောင်း၊ မာလကာသီး အသီးနုစဉ်အချိန်တွင် အသီးများရောင်းပန်းလှစေရန်၊ စိုက်ပျိုးရေးက ထုတ်လုပ်သည့် စက္ကူအိတ်ဖြစ်စေ၊ ပလတ်စတစ်အိတ်ဖြစ်စေ၊ မာလကာသီးများအား အိတ်စွပ်ပေးရကြောင်း၊ သို့မှသာ လိပ်ပြာစုပ်ခြင်း၊ ရှဉ့်၊ ကြွက်၊ လင်းနို့များ ဖျက်စီးစားသောက်ခြင်းမှ ကာကွယ်နိုင်ပြီး မာလကာသီးများ ရောင်းတန်းဝင်ချိန် အသီးလှပြီး ဆွတ်ခူးရောင်းချကြကြောင်း သစ်ထောင့်မြောက်ကျွန်းကျေးရွာ မာလကာ စိုက်တောင်သူ ဦးဇော်ဝင်းက ရှင်းပြသည်။

 

ခြောက်လမာလကာသက်တမ်းသည် လေးနှစ်မှ ခုနစ်နှစ်ထိ သက်တမ်းရှိပြီး ခြောက်လမာလကာသီးတစ်ပိဿာ ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ်ထိ ရောင်းချရသည်။ ဆောင်းအကုန်နွေအကူး မာလကာသီးများဈေးပိုရပြီး ထွက်ရှိလာသည့် မာလကာသီးများအား ပခုက္ကူဈေးကွက်၊ မြင်းခြံဈေးကွက်နှင့် ညောင်ဦးဈေးကွက်သို့ ရောင်းချကြသည်။ ခြောက်လမာလကာပင်များ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်းလည်းကောင်းမွန်ကာ ဈေးနှုန်းလည်းရရှိခြင်းကြောင့် မြေအောက်ရေသွင်း ခြောက်လမာလကာ စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြသည်။

 

မောင်မောင်ထိန်(‌ကျောက်ပန်းတောင်း)