ညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော်ကြီး၏ ကြာမှောက်၊ ကြာလှန်နှင့် ရွဲတို့မှ ရွှေစင်ရွှေပြားအချို့ ပြုပြင်နိုင်ရေး ညှိနှိုင်းစည်းဝေး

ညောင်ဦး ဖေဖော်ဝါရီ ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်မည်ဖြစ်ရာ ရွှေစည်းခုံစေတီတော်ကြီး  ကြာမှောက်၊ ကြာလှန်နှင့် ရွဲတို့ရှိ ရွှေစင်ရွှေပြားအချို့ ပြုပြင်နိုင်ရန် ဆောင်ရွက်လိုသူများကို တင်ဒါခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ  ၂၇ ရက် နံနက်ပိုင်းက ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့်တန်ဆောင်းတော်၌ ပြုလုပ်ခဲ့သည်။

 

ဦးစွာ လုပ်ငန်းဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တင်ဒါစည်းကမ်းချက်များနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရွှေသင်္ကန်းတင်ဒါလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် ဦးဝင်းမောင်မြင့်က ရှင်းလင်းပြောကြားကာ တင်ဒါစနစ်ဖြင့် ရွေးချယ်ရေးအစည်းအဝေး ဆက်လက်ကျင်းပသည်။

 

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် သဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီး ကြာမှောက်၊ ကြာလန်နှင့် ရွဲတို့မှအပ ရွှေစည်းခုံစေတီတော်ကြီးအား မျက်ပါးရွှေဆိုင်း ၂၆၀၀၀ ဖြင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ နှစ်လက်မပတ်လည် မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ရုံးသို့ တိုက်ရိုက်ဖြစ်စေ၊ ညောင်ဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံတို့တွင်လည်း KBZ Pay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ဒီပါလင်း