ညီနောင်သားချင်းသွေးစည်းမှုဖြင့် လွတ်လပ်ရေးကိုကာကွယ်ထိန်းသိမ်းကြပါစို့

၂ ဇန်နဝါရီ

 

မြန်မာတစ်မျိုးသားလုံး လေးစားမြတ်နိုး တန်ဖိုးထားအပ်ပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့သည်ကား ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၂) နှစ်ပြည့်မြောက်ပြီ ဖြစ်ပေသည်။ မြန်မာတို့သည် သမိုင်းစဉ်တစ်လျှောက် ကိုယ့်ထီး၊ ကိုယ့်နန်း ကိုယ်ကြငှာန်းဖြင့် ကမ္ဘာ့အလယ်တွင် တင့်တယ်ဂုဏ်ယူမြင့်မားစွာ နေထိုင်လာခဲ့ကြသော လူမျိုးဖြစ်သည်။ သတ္တိ၊ ဗျတ္တိတို့နှင့်ပြည့်စုံပြီး ရဲစွမ်းသတ္တိရှိကြပေသည်။

 

ပြည်ထောင်စုသား၊ ညီနောင်ဖွားများသည် အမိမြေတွင် တစ်ရေတည်းသောက် အတူတူလက်တွဲ နေထိုင်ကာ အမိမြေကိုချစ်သည်၊ အမိမြေကိုမြတ်နိုး သည်၊ အမိမြေကို ကာကွယ်စောင့်ရှောက်သည်၊ အမိမြေ ကို ကျူးကျော်လာသူများကိုလည်း လုံးဝလက်မခံ။ ပြည်ထောင်စုသားအချင်းချင်း ပူးပေါင်းကာ အသက်စွန့် တော်လှန်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။

 

ကျူးကျော်စစ်သုံးကြိမ်

 

ဤသို့ဖြင့် ဆွေမျိုးမိသားစုများ အေးချမ်းစွာ စုစည်းနေထိုင်ကြသော မြန်မာနိုင်ငံအား နယ်ချဲ့အင်္ဂလိပ် တို့သည် ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲကာ သိမ်းပိုက်ခဲ့ကြသည်။ မြန်မာ့သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်လျှင် ရင်နာဖွယ်ကောင်းလှသည်။

 

ပထမအကြိမ် ကျူးကျော်စစ်မှာ ဘကြီးတော်ဘုရား လက်ထက်တွင် စတင်ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။ ၅-၃-၁၈၂၄ ရက်နေ့မှ ၂၄-၂-၁၈၂၆ ရက်နေ့အထိဖြစ်သည်။ ဒုတိယကျူးကျော်စစ်မှာ ပုဂံမင်းလက်ထက်တွင် ထပ်မံဖြစ်ပွားခဲ့သည်။ ၁၈၅၂ ဧပြီလမှ ၁၈၅၂ နိုဝင်ဘာလ အထိ ဖြစ်သည်။ နောက်ဆုံးတတိယ ကျူးကျော်စစ်မှာ သီပေါဘုရင်လက်ထက်တွင် ဖြစ်ပွားခဲ့သည်။ ၁၄-၁၁၁၈၈၅ ရက်နေ့မှ ၂၈-၁၁-၁၈၈၅ ရက်နေ့အထိ ကျူးကျော် စစ်ဆင်နွှဲပြီးသောအခါ မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ သက်ဆင်းကျရောက်ခဲ့ရတော့သည်။

 

ဤအချိန်မှစပြီး မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာလက်လွတ်ဆုံးရှုံးခဲ့ရပေသည်။

 

လွတ်လပ်ရေးတိုက်ပွဲအစ

 

မြန်မာတိုင်းရင်းသားညီနောင်များသည် သူ့ကျွန်ခံလို စိတ်ရှိသူများမဟုတ်ချေ။ မြန်မာနိုင်ငံတစ်ဝန်း ပြည်မ၊ တောင်တန်းများပါမကျန် မျိုးချစ်တိုင်းရင်းသား ခေါင်းဆောင်များက ဦးဆောင်၍ တိုင်းရင်းသားမျိုးနွယ်စု အားလုံးတို့သည် ညှိနှိုင်း ဆောင်ရွက်စရာမလို။ တစ်သွေးတည်း၊ တစ်သားတည်း၊ ညီညွတ်ကြသည်၊ စုစည်းကြသည်။ လက်နက်အင်အားကြီးမားသည်ဟူ၍ နောက် မတွန့်၊ ရဲဝံ့စွန့်စားသော အာဇာနည်စိတ်ဓာတ်ဖြင့် အမိမြေကို ကျူးကျော်လာသူ နယ်ချဲ့အင်္ဂလိပ်တို့ကို တွန်း လှန်တိုက်ခိုက်ရန် “လွတ်လပ်ရေးတိုက်ပွဲ" အစပြုခဲ့သည်။ မြန်မာတို့၏သွေးကားဆွေးနွေးနီခဲ့သည်။ ရရာလက် နက်တုတ်၊ ဓား၊ လှံလေးတို့ဖြင့် ပြန်လည်တော်လှန် ဝံ့သော သတ္တိ၊ အာဂသတ္တိဖြစ်သည်။

 

ထို့နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ မျိုးချစ် လူငယ်များကလည်း နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးအဖွဲ့များဖွဲ့၍ တိုင်းရင်းသားပြည်သူတစ်ရပ် လုံးပါဝင်သော တော်လှန်ရေး ဆင်နွှဲခဲ့ကြသည်။

 

ထိုနည်းတူ ကျောင်းသားသပိတ်၊ ၁၃၀၀ ပြည့်အရေးတော်ပုံနှင့် တောင်သူလယ်သမားအရေးတော်ပုံများ ဆင်နွှဲပြီး နယ်ချဲ့ကို တော်လှန်ရေးဆင်နွှဲခဲ့ကြသည်။ ဤသို့ လက်နက်အင်အားကြီးမားသော နယ်ချဲ့ တို့ကို မြန်မာမျိုးချစ်တိုင်းရင်းသားခေါင်းဆောင်များ တော်လှန်တိုက်ပွဲ ဆင်နွှဲဝံ့ခြင်းခြင်းကြောင့်ပင် နယ်ချဲ့တို့ မြန်မာ့ မျိုးချစ်ခေါင်းဆောင်များနှင့် မျိုးချစ်တိုင်းရင်းသားတို့၏ သတ္တိကိုချီးကျူးခဲ့ကြသည်။ လေးစားခဲ့ကြပေသည်။

 

မြန်မာဟူသည်

 

မြန်မာဟူသည် သမိုင်းအစဉ်အလာကြီးမားသော လူမျိုးဖြစ်သည်။ ပုဂံခေတ်ကျန်စစ်သားမင်း (အေဒီ-၁၀၈၄(၁၁၁၃) လက်ထက် ခရစ်နှစ် ၁၁၀၂ ခုနှစ်တွင် ရေးထိုးခဲ့သော ကျန်စစ်သားမင်း၏ နန်းတည်ကျောက်စာတွင် “မိရ်မာဟူသော ဝေါဟာရမှဆင်းသက်လာခဲ့ပြီး “မြန်မာ" ဟူသော ဝေါဟာရမှာ အနက်အဓိပ္ပာယ်လေးနက်လှသည်။ မြန်သည်၊ မာသည်ဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်ပါသည်။

 

ဤသို့လျှင် မြန်မာ့လွတ်လပ်ရေးဆုံးရှုံးချိန်မှစပြီး သမိုင်းစဉ်တစ်လျှောက်လုံး ပြည်ထောင်စုသားချင်းများသည် ရရာလက်နက်များ စွဲကိုင်ပြီး အသက်များစွန့်လွှတ်ကာ တော်လှန်ခဲ့ကြသော်လည်း မြန်မာ့လွတ်လပ်ရေးကိုကား ပြန်လည်မရရှိသေးပေ။ သို့သော် ခွဲနှင့်အားမာန်မလျှော့။ တော်လှန်တိုက်ပွဲဆင်နွှဲခဲ့ကြပါသည်။

 

ဗိုလ်ချုပ်နှင့်ရဲဘော်သုံးကျိပ်

 

ထိုနောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိရန်အတွက် အမျိုးမျိုးဆင်းရဲအပင်ပန်းခံကာ တိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာပြည်သူတစ်ရပ်လုံးကလည်း စုစည်းညီညွတ်ကာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲစဉ်တစ်ရပ်လုံး ပါဝင်ခဲ့သည်။ ပြည်သူတစ်ရပ်လုံးပါဝင် ဆင်နွှဲမှု၊ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုတို့ကြောင့် မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိရန် “ရောင်နီသန်း" လာခဲ့သည်။

 

ထိုအချိန်တွင် မြန်မာ့လွတ်လပ်ရေးမရရှိစေရန်အတွက် နယ်ချဲ့တို့သည် ပြည်ထောင်စုတိုင်းရင်းသား ညီနောင် ဖွားအချင်းချင်း မသင့်မြတ်စေရန် သွေးထိုးလှုံ့ဆော်ခဲ့သည်။ သွေးခွဲခဲ့သည်။ အထင်အမြင်လွဲမှားအောင်ဆောင် ရွက်ခဲ့သည်။ အချင်းချင်းမယုံကြည်အောင် ဆောင်ရွက်ခဲ့သည်၊ သံသယပွားအောင် ပြုမူဆောင်ရွက်ခဲ့ကြပါသည်။

 

ထိုအခြေအနေများကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် “တိုင်းရင်းသား ချစ်ကြည်ရေးသွေးစည်းခရီးစဉ် အဖြစ် တောင်တန်း ဒေသများသို့ သွားရောက်ခဲ့သည်။ တွေ့ဆုံခဲ့သည်။ ဆွေးနွေး ခဲ့သည်။ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

 

ပြည်မနှင့် တောင်တန်းဒေသများ မခွဲခြား။ အတူတူ သွေးစည်းညီညွတ်ပါကြောင်း တောင်တန်းဒေသများကလည်း လွတ်လပ်ရေး ရယူလိုပါကြောင်း “တူညီစွာ ဆန္ဒပြု" ကြသည်။ သဘောတူညီကြသည်။ “ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်။ သွေးချင်းတို့၏ စုစည်းညီညွတ်မှု မှတ်တိုင် ပင်လုံသက်သေပြုခဲ့ခြင်းပင် မဟုတ်ပါလား။

 

ဒီမိုကရေစီနိုင်ငံတော်

 

မျိုးချစ်အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းသည် အနာဂတ်မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရန် ဆန္ဒပြင်းပြခဲ့သည်။ ၁၉၄၇ ခုနှစ်မေလ ၁၉ ရက်နေ့တွင် ဂျူဗလီဟော ပဏာမပြင်ဆင်မှု ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှာ...။

 

တကယ့် ဒီမိုကရေစီ

 

တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေး သဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေး အဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်ဟု မိန့်မှာသွားခဲ့သည်။

 

ထိုအချိန်ကပင် ဗိုလ်ချုပ်သည် တကယ့်ဒီမိုကရေစီ၏ အနှစ်သာရနှင့် ပြည်သူ့အစိုးရဆောင်ရွက်ပေးရမည့် တာဝန်ကိုပါ တစ်ပါတည်း မီးမောင်းထိုးပြခဲ့ပေသည်။ ဗိုလ်ချုပ်ကား အမြော်အမြင်ကြီးမားလှပါပေစွ။

 

ယခုအခါ ပြည်သူများ လိုလားတောင့်တသော ဒီမိုကရေစီနိုင်ငံတော်ကို စတင်အုတ်မြစ်ချ ရုပ်လုံးဖော် တည်ဆောက်နေပြီ ဖြစ်သည်။

 

ထိုသို့ ဒီမိုကရေစီနိုင်ငံတော်သစ်အား ရုပ်လုံးဖော် တည်ဆောက်နေသည်ကား မှန်ပါ၏။ ဒီမိုကရေစီ တည်ဆောက်နေသော အချိန်ကာလကား “နုနယ်ပါသေး ၏" ဒီမိုကရေစီနိုင်ငံတော် အောင်မြင်စွာ တည်ဆောက် လိုပါလျှင်...။

 

- တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိဖို့ လိုပါသည်။

 

- ပြည်ထောင်စုစိတ်ဓာတ် မွေးမြူဖို့ လိုပါသည်။

 

- တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ဖို့ လိုပါသည်။

 

- စုပေါင်းစွမ်းအားဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် ဝိုင်းဝန်းတည်ဆောက်ကြဖို့ လိုပါသည်။

 

ထို့အပြင် တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ မိရိုးဖလာအစဉ်အလာတို့ကို မျိုးဆက်သစ်တို့ က “အမွေဆက်ခံ ထိန်းသိမ်းမြှင့်တင်ကြဖို့လည်း လိုအပ်ပါသည်။

 

အဓိကမှာ အသက်ပေါင်းများစွာ စွန့်လွှတ်အနစ်နာ ခံပြီး အရယူပေးခဲ့သော မြန်မာ့လွတ်လပ်ရေးကိုမူ လုံးဝ အထိပါးမခံနိုင်ပါ။ ပြည်ထောင်စု တိုင်းရင်းသားအားလုံး ညီညွတ်စည်းလုံးမှုဖြင့် လွတ်လပ်ရေးကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကြရန် ဖြစ်ပါသည်။ လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ ထာဝစဉ်အခွန့်ရှည်တည်တံ့ ခိုင်မြဲလေအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရ မည့်တာဝန်မှာ နိုင်ငံသားတိုင်းတွင် ရှိပေသည်။ ဤတာဝန်ကို နိုင်ငံချစ်စိတ်ရှိသူတိုင်း မလွဲမသွေ ထမ်းဆောင်ကြရမည် ဖြစ်ပေသည်။

 

သို့ဖြစ်ရာ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး" သည်ကား နိုင်ငံတော်အတွက် မဖြစ်မနေ လိုအပ်ပါသည်။ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ပါမှ နိုင်ငံတော် အေးချမ်းသာယာပါမည်။ အေးချမ်းသာယာမှလည်း နိုင်ငံတော်တိုးတက်ပါမည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ပါလျှင် မြန်မာတစ်မျိုးသားလုံးလိုလားတောင့်တနေသည့် စည်းကမ်း ပြည့်ဝသော၊ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးသည် အောင်မြင်စွာ တည်ဆောက်နိုင်မည်မှာ ဧကန်မလွဲဖြစ်ပေသည်။

 

ပြည်ထောင်စုကြီးအကျိုးအတွက် ညီညွတ်စည်းလုံးကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၃-၈-၂၀၁၈ ရက်နေ့တွင် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး တွင် ဤသို့အဖွင့် အမှာစကားပြောကြားခဲ့သည်။

 

 ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့ ဘာလုပ်ငန်းလုပ်လုပ် ပြည်ထောင်စုကြီးအကျိုးအတွက် ဘယ်တော့မှ မမေ့ဘဲနဲ့ လုပ်စေချင်ပါတယ်။ ကျွန်မတို့ ပြည်ထောင်စုသူ ပြည်ထောင်စုသားအားလုံးအတွက် အကျိုးရှိအောင် မစဉ်းစားပြီး လုပ်စေချင်တယ်။ ပြီးတော့ ပြည်ထောင်စုသူ ပြည်ထောင်စုသားအားလုံး ပိုမိုပြီးတော့ နီးစပ်လာအောင်း ညီညွတ်လာအောင်၊ ပိုမိုပြီးတော့ စည်းလုံးလာအောင် “လုပ်ပေးမယ့် ပုံစံမျိုးလည်း ဖြစ်စေချင်ပါတယ် ဟု ပြောကြားခဲ့ပေသည်။

 

အနှစ်ချုပ်တင်ပြရလျှင် ယခုအချိန်အခါသည် နိုင်ငံတကာ ဖိအားများရှိနေသည်။ ဤလိုအချိန်မျိုးတွင် နိုင်ငံတော်အတွက် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး သွေးစည်းညီညွတ် ရေးပင်ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ကြရန် ဖြစ်ပါသည်။

 

မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိအောင် အသက် စွန့်တိုက်ပွဲဝင်ခဲ့ကြစဉ်က တိုင်းရင်းသားညီနောင်ဖွားများသည် အချင်းချင်းညီညွတ်ခဲ့ကြသည်။ သွေးစည်းခဲ့ကြပါသည်။ ဤအစဉ်အလာကို လက်ဆင့်ကမ်း ဆက်လက် သယ်ဆောင်ကာ “ညီနောင်သားချင်း သွေးစည်းမှုဖြင့် လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းကြပါစို့" ဟုသာ ဆန္ဒပြုရေးသားတင်ပြလိုက်ရပေသည်။ ။

 

မော်ကျွန်း - မြင့်အောင်