ညနေစာ

ဒေါက်တာမော်

မြတ်စွာဘုရားက ဥပုသ်သီလမှာ ညနေစာ မစားစေခြင်း သည် မည်သည့်ရည်ရွယ်ချက်ရှိသနည်းဟု မကြာခဏ အဖြေရှာကြည့်မိသည်။

ဉာဏ်တော်ရှေ့ကသွားပြီး ကျိုးရှိဟုတ်မှန် နှစ်တန် သောစကားကိုပြောသော မြတ်စွာဘုရားသည် ကိုယ်ကျင့် သီလများတွင် မွန်းလွဲညစာ မစားရဟု ပညတ်ထားသည်မှာ ရည်ရွယ်ချက်တော့ ရှိရပေမည်။ ကောင်းကျိုးဖြစ်စေမည်မှာကား သေချာပေသည်။

ပုထုဇဉ် စာမတတ်ပေမတတ်ဉာဏ်ဖြင့် စဉ်းစားကြည့်မိသည်မှာ

ညနေစာမစားလျှင် ချက်ဖို့၊ ပြုတ်ဖို့၊ စားဖို့၊ သောက်ဖို့၊ ဆေးဖို့၊ ကြောဖို့ မလိုသည့်အတွက် အချိန်တွေ ပိုရလာပေမည်။ ထိုအချိန်များတွင် တရားရှုမှတ်၊ တရား စာပေများဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြု နိုင်ပေသည်။ လောကုတ္တရာအတွက်သာမက လောကီ လူ့ဘောင်မှာလည်း တိုးတက်ရာ တိုးတက်ကြောင်း အလုပ်များကိုလုပ်ရန် အချိန်ပိုများရလာပေမည်။

ဆရာဝန်ပညာဖြင့် စဉ်းစားကြည့်မိသည်မှာ

သွားလာလှုပ်ရှား အလုပ်များသော နေ့ဘက်မှာသာ အင်နာဂျီ (Energy) လိုပြီး အနားယူတော့မည့် ညဘက်မှာ အစားများလျှင် အင်နာဂျီများပိုကာ မလိုလားအပ်သော အဆီများ ဖြစ်ကုန်ပေမည်။

ပရိယတ္တိစာပေများနှံ့စပ်လွန်းသဖြင့် ဓမ္မဆရာမလေး ဖြစ်နေသော ညီမလေးတစ်ယောက်ကို “ဗုဒ္ဓစာပေတွေထဲမှာ ညနေစာ မစားရတာနဲ့ပတ်သက်ပြီး မြတ်စွာဘုရားရဲ့ အမြင်တွေ ဖော်ပြထားတာရှိသလား”ဟု မေးကြည့်မိရာ တွင်

ထိုညီမလေးက “အစ်မရေ.. မြတ်စွာဘုရားက အစားအသောက်နဲ့ပတ်သက်ပြီး အများကြီးဆုံးမထားတယ်။ ကောသလမင်းကြီးက ဝလွန်းတော့ထမင်းစားတိုင်း ထမင်းတစ်လုတ် လျှော့စားဖို့သင်ပေးတယ်။ ထမင်းစားရင် အစာအိမ်တစ်ဝက်စာလောက်ပဲ စားရမယ်။ လေးပုံတစ်ပုံက ရေနဲ့ဖြည့်ရမယ်။ ကျန်တဲ့လေးပုံတစ်ပုံက လေသာရှိရမယ်လို့ ဆိုခဲ့တယ်။ စားတဲ့အခါမှာလည်း တဏှာနဲ့ မစားရဘူးတဲ့။ အများကြီးသင်ပေးထားတာ။ မြတ်စွာဘုရားကိုယ်တိုင်လည်း တစ်နေ့မှာတစ်နပ်ပဲ ဘုဉ်းပေးတာလေ။ သံဃာတွေကိုလည်း တစ်နပ်ပဲဘုဉ်းပေးဖို့ အားပေးတယ်။ လူ့ခန္ဓာအတွက်က တစ်နပ်စားရင် လုံလောက်တယ်၊ ပေါ့ပါး ရွှင်လန်းတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ညွှန်ပြထားတယ်။ နောက်ပိုင်းမှသာ အကြောင်းအမျိုးမျိုးကြောင့် မမွန်းလွဲရင် ဆွမ်းမစားရတော့ဘူးလို့ အချိန်ကိုပါ ဝိနည်း သတ်မှတ်တာ”ဟု စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။

မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ မြတ်စွာဘုရားက မွန်းလွဲ ချိန်မှစ၍ နောက်တစ်နေ့နံနက် အရုဏ်တက်သည်အထိ မစားရဟု ဥပုသ်သီလတစ်ခုအနေဖြင့် စည်းမျဉ်းချထားသည့်အခါ အစာမစားရသော အချိန်သည် ၁၆ နာရီခန့်ရှိပေသည်။

၁၆ နာရီ

ကိုယ်အလေးချိန်ကျရန်၊ ကျန်းမာရန်၊ နုပျိုလန်းဆန်းရန် ယခုခေတ်စားနေသော တစ်နေ့မှာ ၁၆ နာရီ အစာ မစားခြင်း (16 hour fasting, 16/8 intermittent fasting) ကိုကြားဖူးပါသလား။

ထိုနည်းတွင် တစ်နေ့ ၂၄ နာရီအနက် ၈ နာရီ အတွင်းမှာသာ အစာစားရပြီး ကျန်သော ၁၆ နာရီတွင် ရေ၊ ရေနွေးကြမ်း၊ ကော်ဖီကြမ်း (နို့၊ သကြား မပါရပါ။) မှလွဲ၍ မည်သည့် အစားအစာမျှ မစားရပေ။ ဥပုသ်စောင့်လျှင် အချိုရည်၊ စတုမဓူ စသည်တို့ စားနိုင်သော်လည်း ထိုနည်းမှာ ၁၆ နာရီအတွင်း မည်သည့်အချိုး၊ မည်သည့် ကစီဓာတ်မျှ မစားရချေ။ မစားရခြင်းမှာ အောက်ပါ အကြောင်းရင်းကောင်းများရှိ၍ ဖြစ်ပါသည်။

(၁)ခန္ဓာကိုယ်တွင် ပိုနေသော အဆီများကို ဖယ်ရှားနိုင်ခြင်း

လူ့ခန္ဓာတွင် သွားလာလှုပ်ရှားရန်၊ စဉ်းစားဉာဏ်များ ထွက်လာရန် အင်နာဂျီအမြဲလိုအပ်နေပေသည်။ ထိုသို့ နိစ္စဓူဝ လိုအပ်သောအင်နာဂျီကို သကြားဓာတ်၊ ကစီဓာတ် (Carbohydrate) မှ ရရှိသည်။ လူ့ခန္ဓာကိုယ်တွင် သကြား ဓာတ်၊ ကစီဓာတ်များမရှိတော့သည့်အခါ အင်နာဂျီရရန် အဆီ(fat) ကိုသုံးရပေသည်။ အဆီမရှိလျှင်ကား အသား ဓာတ် (protein) ကို သုံးရပေသည်။

ထိုသဘာဝအရ ထမင်းမစားလျှင်၊ ကစီဓာတ်မစားလျှင်၊ သကြားဓာတ်မစားလျှင် အမြဲလိုအပ်နေသော အင်နာဂျီအတွက် အဆီကိုသုံးရပေတော့သည်။ အဆီကိုသုံးရသဖြင့် ခန္ဓာကိုယ်တွင် ပိုနေသော အဆီများကို ဖယ်ရှားနိုင်ကာ ကိုယ်အလေးချိန်ကျပေတော့သည်။ အစာမစားသော ( ၁၆ နာရီအတွင်း အဆီကိုသာသုံးပြီး အသားဓာတ်ကိုလည်း သုံးစရာမလိုသေးသဖြင့် အသား muscles များပျော့မသွား ဘဲ တင်းတင်းရင်းရင်းနှင့် ကိုယ်အလေးချိန်ကျပေမည်။

(၂) နုပျိုလန်းဆန်းစေခြင်း

၁၆ နာရီ အစာမစားလျှင် အဘယ်ကြောင့် နုပျို ( လန်းဆန်းနိုင်သည်ကို သုတေသနတွေ့ရှိချက်များအရ

အနည်းငယ် ရှင်းပြလိုပါသည်။ ၂၀၁၆ ခုနှစ်တွင် Yoshinori  Ohsumi ဟူသော ဂျပန်ပရော်ဖက်ဆာကြီးသည် "Autophagy" ဟူသောဖြစ်စဉ်ကို ရှာဖွေတွေ့ရှိသဖြင့် နိုဘယ်ဆု ရရှိခဲ့သည်။

"Autophagy" ဆိုသည်မှာ အတိုချုပ်ပြောရလျှင် ကိုယ့်ခန္ဓာတွင် ကိုယ့်အမှိုက်ကို ကိုယ်သိမ်းခြင်းဖြစ်သည်။

ခန္ဓာကိုယ်တွင် သဘာဝအရ ဆဲလ်(cel)လေးများ ပျက်စီးနေကြသည်။ ဥပမာ - သွေးနီဥလေးများသည် ရက်ပေါင်း ၁၂၀ သာ အသက်ရှည်ပြီး ပျက်စီးနေကြသည်။ ဆဲလ်လေးများအတွင်းရှိ organelles ဟူသော အစိတ်အပိုင်းလေးများက ပို၍ပင်မြန်ဆန်စွာ ပျက်စီးနေကြသည်။ ပျက်သွားသည်များကို ပြန်အစားထိုးဖြစ်တည်ရပြန်သည်။ ပျက်လိုက်၊ ဖြစ်လိုက် ဖြစ်နေကြသည်။ ပျက်စီးသွားသော ဆဲလ်အမှိုက်များကို သိမ်းရန်လိုအပ်လာသည်။ ။

အမှိုက်သိမ်းသည်ဟုဆိုရာတွင် အချို့အမှိုက်များကို စွန့်ပစ်ရပြီး အချို့ ကို recycle လုပ်ပြီး ပြန်သုံးရသည်။ cell membrane ပြန်ဖြစ်အောင်ပြန်သုံးရသည်။ ဆဲလ်အသစ် ဖြစ်အောင် ပြန်သုံးရသည်။ အခုခေတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် recycle လုပ်ရသကဲ့သို့ပင် ဖြစ်သည်။ ထိုကဲ့သို့ ဆဲလ်အတွင်းတွင် ကိုယ့်အမှိုက်ကိုယ်သိမ်းသည်ကို "Autophagy" ဟုခေါ်သည်။

ထို "Autophagy" process မဖြစ်လျှင် အမှိုက်များ စုပုံလာပြီး အညစ်အကြေးများဖြစ်လာကာ ဆဲလ်များ မကျန်းမာတော့ချေ။ ဆဲလ်များ အသက်မရှည်တော့ချေ။ ခန္ဓာကိုယ် မကျန်းမာတော့ချေ။ ဆီးချို (Type 2 Diabetes) Alzheimer's, Parkinson's စသည့် အသက်အရွယ်နှင့် ဆိုင်သောရောဂါများ ဖြစ်လာနိုင်သည်။ ကင်ဆာရောဂါမျာ်လည်း ဖြစ်လာနိုင်သည်။ "Autophagy" Process ဖြစ်နေလျှင် ဆဲလ်များသစ်လွင်လန်းဆန်းနေမည်။ ။

အစာမစားခြင်းဟူသော "Fasting" က ၁၆ နာရီခန့် ကြာသောအခါ "Autophagy" ဖြစ်အောင် နှိုးဆော်ပေးပါသည်။ ထိုကြောင့် ၁၆ နာရီအကြာ အစာမစားခြင်းက အထက်ဖော်ပြပါ အသက်အရွယ်နှင့်ဆိုင်သော ရောဂါများမဖြစ်အောင် ကာကွယ်သည့်အပြင် ဆဲလ်အသစ် (Cell Renewal ) များဖြင့် နုပျိုလာစေသည်ဟု ဆိုပါသည်။

အစားအစာမစားခြင်း (Fasting) ဟူသည်မှာ BC 500 လောက်ကတည်းကစခဲ့သည်။ ဂရိပညာရှင်ကြီးများ Geco Hippocrates (Father of Medicine), အရစ္စတိုတယ်နှင့် ပလေတိုတို့သည် Fasting ကို အားပေးခဲ့၏။ ကိုးကွယ်ရာဘာသာအမျိုးမျိုးမှာလည်း Fasting လုပ်ကြသည်။ အခြားအကြောင်း အမျိုးမျိုးကြောင့်လည်း Fasting လုပ်ကြသည်။ Intermittent fasting တွင်လည်း တစ်ပတ် ငါးရက် မစားခြင်း၊ တစ်နေ့ခြား မစားခြင်း၊ တစ်နေ့မှာ နာရီ ၂၀ မစားခြင်း ၊ တစ်နေ့လုံး ရေပဲသောက်နေခြင်း စသည်ဖြင့် အမျိုးမျိုးရှိသည်။ ထိုအမျိုးမျိုး အနက် 16/8 Intermittent Fasting သည် ဗုဒ္ဓ၏ ဥပုသ်သီလနှင့် အကိုက်ညီဆုံးဖြစ်ပြီး ကျန်းမာရေးနှင့် အညီညွတ်ဆုံးဖြစ်သည်။

16 hour fasting တွင် ညနေစာ မစားခြင်းမှာ ကျန်းမာရေးရှုထောင့်အရ အကောင်းဆုံး ဖြစ်ပါသည်။ သို့သော် ညနေစာမစား၍မရသော အခြေအနေမျိုး ရှိတတ်သည်။ အချို့မိသားစုများသည် အလုပ်ကိုယ်စီ၊ ကျောင်းကိုယ်စီနှင့်မို့ ညနေစာစားသည့် အချိန်လေးမှာသာ ဆုံရ၊ တွေ့ရပေသည်။ ထိုအခြေအနေမျိုးတွင် ညနေစာ စားပြီး နံနက်စာ(breakfast) မစားလျှင်လည်း အစာမစားခြင်းကာလ ၁၆ နာရီ ပြည့်နိုင်ပေသည်။ "Autophagy" ဖြစ်စေရန် ည ၉ နာရီမှာ ညစာစားပြီးလျှင် မည်သည့် အစာမျှ မစားတော့ဘဲ နောက်နေ့မှ နေ့လယ်စာကို မွန်းလွဲ ၁ နာရီတွင် စားနိုင်သည်။

ညစာကို ည ၈ နာရီမှာ စားပြီးသူများအတွက် နောက်နေ့ နေ့လယ်စာကို မွန်းတည့် ၁၂နာရီတွင် စားနိုင်သည်။ ညနေစာကို ညနေ ၅ နာရီမှာ စားပြီးသည့်သူများ အတွက် နောက်နေ့နံနက် ၉ နာရီတွင် စားနိုင်ပေသည်။ နံနက်အလုပ်မသွားခင် အဝစားရမည့် သူများက နံနက် ၈ နာရီမှာ စားချင်လျှင် မနေ့ ညနေ ၄ နာရီ နောက်ပိုင်း မည်သည့်အစားအစာမျှ မစားသင့်တော့ချေ။ စသည်ဖြင့် မစားသည့် ၁၆ နာရီကို မိမိ၏ နိစ္စဓူဝ lifestyle နှင့် ညှိနိုင်ပါသည်။ မည်သည့်အစားအစာမျှ မစားသင့်ဟု ဆိုရာတွင် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ရေ၊ ရေနွေးကြမ်း၊ နို့ မပါ၊ အချိုမပါသော ကော်ဖီကြမ်းတို့ သုံးဆောင် နိုင်သည် ကို သတိချပ်စေလိုပါသည်။

ဤသို့ပြုရာတွင် အလေ့အကျင့်မရသေးခင် စားနေကျအချိန်များတွင် ဆာလောင်လာနိုင်ပါသည်။ စားနေကျ အချိန်တွင် စားနေကျပမာဏ၏ တစ်ဝက်၊ ထို့နောက် လေးပုံတစ်ပုံ စသည်ဖြင့် တဖြည်းဖြည်းလျှော့ သွားနိုင်ပါသည်။ တရားမှတ်နေကျသူများအတွက်တော့ ဆာလာလျှင် ဆာသည်ဟုသ တိကပ်လိုက်လျှင် မုန့်ဟင်းခါးတို့၊ ပဲပြုတ်၊ နံပြားတို့၊ ပေါင်မုန့်တို့ထံ စိတ်မရောက်တော့ဘဲ စိတ်ကြောင့် အစာအိမ်မှာ အက်ဆစ်ထွက်ခြင်းကို တားဆီးနိုင်ပါသည်။

ကိုယ်အလေးချိန်ချနည်း အမျိုးမျိုးရှိသည့်အနက် ဤနည်းကတော့ သိပ္ပံပညာကလည်း ထောက်ခံသည်။ ဘုရားနည်းလည်းဖြစ်သည်။ ဥပုသ်စောင့်နေကျ မြန်မာဗုဒ္ဓဘာသာများအတွက် မခက်လှချေ။ ပိုက်ဆံလည်း မကုန်၊ အချိန်လည်း မကုန်၊ အချိန်ပင် ဝိုထွက်လာသေးသဖြင့် ဤနည်းကို ထောက်ခံပါသည်။ ကိုယ်အလေးချိန် ကျရုံ သာမက"Autophagy"ကြောင့် နုပျိုလန်းဆန်းစေပါ သည်။ ။

ကြေးမုံ