ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးလုပ်ဆောင်ရန် အစ္စရေးသမ္မတက ဝန်ကြီးချုပ်နေတန်ယာဟုကို တာဝန်ပေး

ဂျေရုဆလင် ၂၆ စက်တင်ဘာ

အစ္စရေးရွေးကောက်ပွဲအပြီးတွင် တိကျပြတ်သားမှုမရှိသည့် ရလဒ်များထွက်ပေါ်လာမှုကြောင့် နိုင်ငံရေးဆိုင်ရာ မတင်မကျဖြစ်နေသည့် အခြေအနေကို ကျော်လွှားနိုင်ရန်အတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအနေဖြင့် နောက်ထပ်အစိုးရသစ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းရန် အစ္စရေးသမ္မတ ရက်ဗ်ဗန် ရစ်ဗ်လင်က တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီအများစုဖြင့် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် စက်တင်ဘာ ၂၆ ရက်မှစတင်ကာ ရက်သတ္တခြောက်ပတ်အချိန်ရမည်ဖြစ်ပြီး ၎င်းဦးဆောင်သည့် လီကွတ်ပါတီသည် ရွေးကောက်ပွဲ၌ အမတ်နေရာ ၃၂ နေရာကိုသာ ရရှိခဲ့သည်ဖြစ်ရာ အမတ်နေရာ ၁၂၀ ရှိသည့် အစ္စရေးလွှတ်တော်၌ အစိုးရဖွဲ့နိုင်ရန် လိုအပ်သော အမတ်နေရာ၏ ၆၁ နေရာ ကို ပြည့်မီခဲ့ခြင်း မရှိပေ။ အတိုက်အခံဘန်နီဂန့်ဇ်၏ Blue and White  ပါတီမှာ အမတ်နေရာ ၃၃ နေရာကို ရရှိကာ လီကွတ်ပါတီကို နှာတစ်ဖျား အသာရခဲ့သော်လည်း အစ္စရေးသမ္မတက အစ္စရေး၏ (၃၆) ကြိမ်မြောက် အစိုးရအဖွဲ့ ဖွဲ့စည်းရန် ဝန်ကြီးချုပ် နေတန်ယာဟုကိုသာ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ နှစ်ရက် ကြာ အကြံပြု ဆွေးနွေးမှု ပြုလုပ်ပြီးနောက် အစိုးရဖွဲ့စည်းရေးအတွက် ဝန်ကြီးချုပ်ကို တာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ