ဖိလစ်ပိုင်နိုင်ငံ၌ လူနှစ်ဦးလိုက်ပါသောလေယာဉ်ငယ်တစ်စင်း ပျောက်ဆုံးလျက်ရှိ

ဒီဇင်ဘာ ၁

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း အစ္စဘီလာပြည်နယ်တွင် လေယာဉ်မှူးအပါအဝင် နှစ်ဦးလိုက်ပါသော လေယာဉ်ငယ်တစ်စင်း ပျောက်ဆုံးလျက်ရှိသဖြင့် ရှာဖွေမှုစတင်လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်လေကြောင်းအာဏာပိုင်အဖွဲ့က ယနေ့တွင် ပြောကြားသည်။

အဆိုပါအင်ဂျင်တစ်လုံးတပ်လေယာဉ်ငယ်သည် ယမန်နေ့မနက် ဒေသစံတော်ချိန် ၉ နာရီ ၃၉ မိနစ်က Cauayan မြို့လေဆိပ်မှ ကမ်းရိုးတန်းမြို့ဖြစ်သော ပါလန်နန်ကို ဦးတည်ပျံသန်းသွားခဲ့သည်။ ထိုလေယာဉ်သည်  ပါလန်နန်လေဆိပ်သို့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၂၃ မိနစ်တွင် ဆင်းသက်ရမည်ဖြစ်သော်လည်း ပျံသန်းနေစဉ် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့သည် ယင်းလေယာဉ်ပျံသန်းရာလမ်းကြောင်းဝန်းကျင် ဒေသများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း လေကြောင်းအာဏာပိုင်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

လေကြောင်းအာဏာပိုင်များ၏ကနဦးဖော်ပြချက်အရ ပျောက်ဆုံးနေသောလေယာဉ်သည် Cessna လေယာဉ်အမျိုးအစား ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို