မနီလာ ဖေဖော်ဝါရီ ၁၇
ရေငုပ်သမားများက ခရီးသည်တင်ရေယာဉ်ပျက်မှ နောက်ထပ် သေဆုံးသူများကို ထပ်မံရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဘာစီလန်ပြည်နယ် ကမ်းလွန်တစ်နေရာ၌ ဖြစ်ပွားခဲ့သော ကူးတို့ရေယာဉ်နစ်မြုပ်မှု ဖြစ်စဉ်မှ သေဆုံးသူပေါင်း ၆၂ ဦးအထိ ရှိလာပြီဖြစ်သည်ဟု ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားလိုက်သည်။
ခရီးသည် ၁၇ ဦး ဆက်လက် ပျောက်ဆုံးလျက်ရှိသောကြောင့် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၂၆ ရက်က အမ်ဗွီ ထရိုင်ရှာကာစတင်-၃ ရေယာဉ်သည် ဇမ်ဘွန်ဂါမြို့မှ ဆူလူပြည်နယ် ဂျိုလိုမြို့သို့ ဦးတည်ထွက်ခွာလာစဉ် တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် လူ ၂၉၃ ဦးခန့် အသက်ရှင်ကျန်ရစ်ခဲ့သည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောသည်။ ကူးတို့ရေယာဉ်နစ်မြုပ် တိမ်းမှောက်မှုဖြစ်ပေါ်ရသည့် အကြောင်းရင်းကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဆင်ဟွာ


