နတ်မောက်မြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(တမာပင်)တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

နတ်မောက် ဇွန် ၂၇

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများအဖြစ် မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း(တမာပင်)၌ ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ပေါ်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ စာအုပ်စာပေကို ချစ်မြတ်နိုးစေရန်၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် သုတ/ရသစာအုပ်များနှင့် ကလေးငယ်များ ကြိုက်နှစ်သက်သော ပုံပြင်စာအုပ်များနှင့် ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်းကြိုက်နှစ်သက်သူများအတွက် မဂ္ဂဇင်းစာအုပ်များ၊ ဝတ္တုစာအုပ်များအား စုံလင်စွာငှားရမ်းပေးခဲ့သည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စာဖတ်ပရိသတ်များနှင့် ကျောင်းသား/ကျောင်းသူများကို အားလပ်သောအချိန်များတွင် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေစေရန်နှင့် အသိပညာဗဟုသုတ များစွာရရှိစေရန်၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ အရောက်သွား၍ စာအုပ်စာစောင်များကို ရက်သတ္တပတ်နှစ်ပတ်လျှင် တစ်ကြိမ် စာအုပ်အသစ်များလဲလှယ်၍ ငှားရမ်းပေးလျက်ရှိသည်။

 

လှဝင်း