နတ်မောက်မြို့နယ်၊ သစ်ယာကိုင်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခမဲ့ ဆိုင်ကယ်ပြင်သင်တန်းဖွင့်

နတ်မောက်၊ မေ ၂၃  

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခမဲ့ ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ  အခမ်းအနားကို ယနေ့နံနက်ပိုင်းက သစ်ယာကိုင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရမှ သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ သင်တန်းနည်းပြ ဆရာဦးသက်နိုင်ထွန်းက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားပြီး သင်တန်းတွင်တက်ရောက်မည့် သင်တန်းသား (၂၃)ဦးအား တစ်ဦးချင်းစီမိတ်ဆက်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင် ဘာသာရပ်များအား သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ (၁၅)ရက် ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရနှင့် ဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖများ၊ သင်တန်းသားများ စုစုပေါင်း (၃၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရမှ ပြောပြ၍ သိရသည်။

 

သော်သော်