နတ်မောက်မြို့နယ်တွင် (692) ခေါ် ကျောက်စိမ်းငရုတ်စိုက်ပျိုးသူ တောင်သူများစျေးကောင်းရရှိ

နတ်မောက်  စက်တင်ဘာ  ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ ပုံမှန်လယ်ယာစိုက်ပျိုးခြင်းမှ မိသားစုတစ်နိုင်တစ်ပိုင်ချုံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ (692) ခေါ် ကျောက်စိမ်းငရုတ်များ အောင်မြင်ဖြစ်  ထွန်း၍ စျေးကောင်းရလျက်ရှိကြောင်းသိရသည်။

(692) ခေါ် ကျောက်စိမ်းငရုတ်စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့များကို ပလပ်စတစ်အိတ်ဖြင့် မြေဆွေးထည့်ကာ ပျိုးထောင်ပြီး စိုက်ပျိုးရကြောင်း၊ ပျိုးပင်(၁)လကျော်လျှင် ထယ်ရေးကျေညက်အောင်ပြုလုပ်ထားသည့် မြေကွက်တွင် ပင်ကြားနှစ်ပေ၊ တန်းကြား  သုံးပေဖြင့် တစ်ဧကလျှင် အပင် (၃၀၀၀)ကျော်စိုက်ပျိုးနိုင်ကြောင်း အပင်သက်တမ်း(၂)လအရွယ်တွင် စတင်ခူးယူ နိုင်ကြောင်း ခူးယူသည့်အကြိမ်များလာသည်နှင့်အမျှ ငရုတ်ထွက်ရှိမှု ပိုမိုရရှိကြောင်း ငရုတ်စိုက်တောင်သူ ဦးထွန်းထံမှ သိရသည်။

ယခင်နှစ်ကတော့ ( 692) ခေါ် ကျောက်စိမ်းငရုတ်အစိမ်း အစိုတစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ မှ ၅၀၀၀၊    အခြောက်တစ်ပိဿာလျှင် ( ၈၀၀၀)ကျပ်ရရှိခဲ့ပြီး ယခုလက်ရှိစျေးကွက်တွင်  ကျောက်စိမ်းငရုတ် အစိမ်းအစို တစ်ပိဿာကို ငွေကျပ် ၆၅၀၀ ဖြင့် ရောင်းချရကြောင်း သိရသည်။ 

မူမူစန်း(မြို့နယ်ပြန်/ဆက်)